မန္တလေးတိုင်း ၊ ပုဂံ ရှေးဟောင်းယဉ်ကျေးမှုမြို့တော်မှာ ဇွန်လ ၆ ရက် ည ၉ နာရီ ဝန်းကျင်က မိုးရွာသွန်းခဲ့ပြီး ဗူးဘုရားကို မိုးကြိုး ၅ ချက် ထိမှန်ခဲ့ပေမဲ့ ဘုရားပတ်ပတ်လည်ကို မိုးကြိုးလွှဲတွေ တပ်ထားတာကြောင့် ပျက်ဆီးဆုံးရှုံးမှုမရှိဘူးလို့ ဒေသခံတွေထံမှ သိရပါတယ်။
“ဘုရားကိုယ်ထည်ကို မိုးကြိုးက ၅ ချက်ပစ်သွားတာ။ ထီးတော် အောက်နားတချက်၊ ဗူးဘုရားကိုယ်လုံးတော်ကို ၄ ချက် ပစ်သွားတာ။ မိုးကြိုးလွှဲတပ်ထားလို့ ဘုရားက မပျက်စီးသွားတာ။ မတပ်ထားရင် ဘုရားက ပြိုကွဲသွားမှာ။ အခုက မိုးက တအားမသည်းဘဲ မိုးကြိုးပစ်သွားတာ” လို့ ပုဂံဒေသတဦးက ပြောပါတယ်။
မိုးကြိုးထိမှန်မှုကြောင့် ဗူးဘုရားရဲ့ ထီးတော်ကြီးမှာ ဆွဲထားတဲ့ သံခေါင်းလောင်းတော်တွေ အားလုံး အမည်းရောင်ပြောင်းသွားခဲ့ပေမဲ့ ခေါင်းလောင်းတွေမှာ ဆွဲထားတဲ့ ကြေးညောင်ရွက်တွေဟာ အရောင်ပြောင်းလဲခြင်းမရှိဘူးလို့ သိရပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၅ ရက်ကလည်း ဆိုင်ကလုန်းမိုခါမုန်တိုင်းအရှိန်ကြောင့် ညောင်ဦးမြို့နယ်က ဓမ္မရာဇက ဘုရားရင်ပြင်အုတ်ခုံ၊ ထီးလိုမင်းလိုဘုရား အရှေ့မုခ်အဝင်၊ သဗ္ဗညုဘုရားအုတ်တံတိုင်းတွေ ပဲ့ကျသွားတယ်လို့ ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာန ပုဂံဌာနခွဲက သတင်းထုတ်ပြန်ထားပါတယ်။