ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်၊ ရခိုင်ရိုးကြီးကျေးရွာမှာ ဇွန် ၆ ရက် ည ၆ နာရီခွဲက မူကြိုကျောင်းဆရာမနှစ်ဦး သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရခိုင်ရိုးကြီးကျေးရွာ အေးမေတ္တာလမ်းရှိ နေအိမ်မှာ ဖွင့်လှစ်ထားတဲ့ မူကြိုကျောင်းက ဆရာမနှစ်ဦးကို အမည်မသိ သေနတ်ကိုင်ဆောင်ထားသူတွေက သေနတ်နဲ့ ပစ်ခတ်ခဲ့တာလို့ ကျေးရွာနေသူတဦးက ပြောပါတယ်။
“သေနတ်သံက ကိုးချက် ဆယ်ချက်လောက် ရှိတယ် ပစ်တာ။ ရွာထဲကလူတွေလည်း ကြောက်ပြီး မထွက်ရဲဘူး။ ကျေးရွာအုပ်ချုပ်ရေးက ဖုန်းဆက်မှ စစ်တပ်နဲ့ ရဲတွေ ရောက်လာတာ။ ရဲတွေရောက်တော့ ဆရာမတွေက သေနေပြီ။”
ပစ်ခတ်ခံရပြီး သေဆုံးသူနှစ်ဦးမှာ မိဘမေတ္တာမူကြိုကျောင်းမှ ဒေါ်သဲမာလာဝင်းနဲ့ ဒေါ်ဆောင်းသဇင်ဦးတို့ဖြစ်ပြီး စစ်ကောင်စီတပ်က လူနာတင်ယာဥ်နဲ့ ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
အဆိုပါပစ်ခတ်မှုနဲ့ပတ်သက်ပြီး အုပ်ချုပ်ရေးနဲ့ ဒေသခံတွေက ဘယ်အဖွဲ့အစည်းက လာရောက်ပစ်ခတ်ခဲ့တယ်ဆိုတာ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ဆရာမနှစ်ဦး ပစ်ခတ်ခံရပြီးနောက် တက်သစ်၊ ရခိုင်ရိုးကြီးကျေးရွာနဲ့ အနောက်ပိုင်းတက္ကသိုလ် သွားရာလမ်းမှာ စစ်ကောင်စီတပ်နဲ့ ရဲတွေက ကားနဲ့ ဆိုင်ကယ်တွေကို စစ်ဆေးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။