ရှမ်းပြည်နယ်၊ ကျောက်မဲမြို့၊ ဇီးပင်စခန်းရွာနဲ့ ကျောင်းကုန်းရွာကြားရှိ လားရှိုး-မန္တလေးသွား လမ်းမှာ ဇွန် ၆ ရက် နေ့ခင်းပိုင်းက ကား ၂ စီးတိုက်မိပြီး ဦးဇင်းတပါး အပါအဝင် ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ နောင်ပိန် ကမ်းလင့်လက်များအသင်းက ပြောပါတယ်။
လားရှိုးကနေ စစ်ကိုင်းဘက်မောင်းလာတဲ့ ဟိုက်ဂျက်ကားနဲ့ လားရှိုးကို မန္တလေးကသွားတဲ့ ကရောင်းအမျိုးအစား အိမ်စီးကားတို့ နေ့လယ် ၁၁ နာရီခွဲလောက်က မိုးရွာချိန် စလစ်ဖြစ်ကာ မျက်နှာချင်းဆိုင် တိုက်မိတာပါ။
နောင်ပိန်ကမ်းလင့်လက်များအသင်း တာဝန်ရှိသူတဦးက “ဟိုက်ဂျက်က လမ်းချော်ပြီးတော့ ကရောင်းနဲ့ မျက်နှာချင်းဆိုင်တိုက်တာ၊ ဟိုက်ဂျက်ကတော့ လားရှိုးကနေ စစ်ကိုင်းသွားမယ် ပြောတယ်။ ကရောင်းက လားရှိုးကိုတက်လာတဲ့ ကား၊ ဟိုက်ဂျက်ပေါ်က ၆ ဦးပါတယ်။ ၅ ဦးဒဏ်ရာရတယ်။ ယာဉ်မောင်းက ကားထဲညပ်ပြီး ခြေထောက်နှစ်ဖက်ကျိုးတယ်။ ဦးဇင်းက တင်ပါးရိုးကျိုးသွားတယ်” လို့ ပြောပါတယ်။
ယာဉ်တိုက်မှုကြောင့် ဟိုက်ဂျက်ကားခေါင်းခန်းရှိ အသက် ၂၅ နှစ်ခန့်ရှိ ဦးဇင်း ၁ ပါးမှာ တင်ပါးဆုံရိုး ဒဏ်ရာ၊ ယာဉ်မောင်းဖြစ်သူမှာ ခြေထောက် ၂ ဖက်ကျိုးဒဏ်ရာ ရရှိခဲ့တဲ့အပြင် ၅ နှစ်အရွယ် ကလေး ၁ ဦး ပွန်းပဲ့ဒဏ်ရာ၊ ကျန် ၂ ဦးမှာ ဦးခေါင်းထိခိုက်ဒဏ်ရာ မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့ပြီး ကရောင်းယာဉ်ပေါ်ပါသူတွေ ထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။
ဟိုက်ဂျက်ပေါ်ပါ ၆ ဦးအနက် ၅ ဦး ဒဏ်ရာရရှိပြီး ပြင်းထန်ဒဏ်ရာရသူ ဦးဇင်းနဲ့ ယာဉ်မောင်းကို မန္တလေးဆေးရုံကြီး ပို့ဆောင်ကာ ကျန် ၃ ဦးကို ကျောက်မဲဆေးရုံ ပို့ဆောင်ပေးထားပါတယ်။