ပြီးခဲ့တဲ့ တနင်္ဂနွေ ရုံးအားရက်တုန်းက အိမ်နားက ရှော့ပင်ပလာဇာမှာ အိပ်ရာခင်းအဖုံးတခု ဝယ်အပြီး ဗိုက်ဆာလာတာနဲ့ စင်ကာပူ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအေဂျင်စီ အသိအမှတ်ပြု အများပြည်သူစားသောက်ဆိုင်တန်းမှာ လက်ဖက်ရည်နဲ့ မုန့် ဝင်စားခဲ့ပါတယ်။ လူရှုပ်တဲ့နေ့မို့ ၁၅ မိနစ်လောက်ပဲ ထိုင်စားပြီးတဲ့နောက် ကိုယ့်အတွေးနဲ့ကိုယ် ထထွက်လာတော့ သတိမမူမိဘဲ ဝယ်လာခဲ့တဲ့ အိပ်ရာခင်းအဖုံးအိတ်ထုပ်ကို မေ့ကျန်ရစ်ခဲ့ပါတယ်။
ဟိုဝင်ဒီဝင် ဟိုကြည့်ဒီကြည့် လမ်းလျှောက်ရင်း တနာရီကျော်ကျော်ကြာမှ အိမ်ပြန်ရောက်ပါတယ်။ အိမ်ထဲဝင်လိုက်တော့မှပဲ အိပ်ရာခင်းအဖုံးထုပ်လေး မေ့ကျန်ရစ်တာ သတိရလာပါတယ်။ အဲဒါနဲ့ အများပြည်သူစားသောက်ဆိုင်တန်းဘက် ပြန်သွားပြီး လူတွေ စည်ကားစွာ စားသောက်နေတဲ့ကြားက ကိုယ်ထိုင်ခဲ့တဲ့နေရာလေးကို ရောက်တော့ ဘယ်သူမှ ထိုင်မနေပါဘူး။ အထုပ်လေးက ခြေရာလက်ရာမပျက်ဘဲ စားပွဲခုံပေါ်မှာ တွေ့ရပါတယ်။
စင်ကာပူဟာ ၂၀၂၃ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ အကျင့်ပျက်ခြစားမှု သဘောထားညွှန်းကိန်း ထုတ်ပြန်ချက်ဇယားမှာ အဆင့် ၅ မှာ ရပ်တည်နိုင်ပြီး ညွှန်းကိန်းရမှတ် ၈၃ မှတ်နဲ့ အကျင့်ပျက် ခြစားမှု အနည်းဆုံးနိုင်ငံတွေမှာ ရှိနေပါတယ်။ ဒါဟာ ဘာကိုပြသလဲဆိုရင် တရားဥပဒေစိုးမိုးမှု ရှိနေတယ် ဆိုတာပါပဲ။ စီးပွားရေးကောင်းမွန်ဖို့နဲ့ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ရေခံမြေခံကောင်း အုပ်ချုပ်ပုံစနစ်ကောင်း ရှိတယ်ဆိုတာ ညွှန်ပြနေတာ ဖြစ်ပါတယ်။
သူ့ပြည်သူတွေအတွက် အလုပ်အကိုင် ဝင်ငွေရှိအောင် ဖန်တီးပေးထားသလို အသက်ဘဝ လုံခြုံမှုရှိအောင် လိုအပ်တဲ့နေရာတိုင်းမှာ CCTV ကင်မရာတွေ တပ်ဆင်ထား၊ ရဲတွေကလည်း ပုံမှန်ပတ္တရောင် (Part Round) လှည့်လည်စောင့်ကြပ်ပြီး တရားဥပဒေစိုးမိုး အသက်ဝင်တဲ့စနစ် ရှိတော့ လူတိုင်း ဝယ်နိုင်ခြမ်းနိုင်နေတော့ စာရေးသူရဲ့ အိပ်ရာဖုံးထုပ်လေး အရာမပျက် ကျန်ရစ်တာ မထူးဆန်းပါဘူး။
ဒါ့အပြင် စင်ကာပူဥပဒေအရ လမ်းပေါ်မှာတွေ့တွေ့၊ ဘယ်မှာတွေ့တွေ့ ကိုယ်မပိုင်တဲ့ ငွေကြေးပစ္စည်းဥစ္စာဆိုတာ ယူခွင့်မရှိပါဘူး။ တွေ့ရှိတယ်ဆိုရင် ရဲထံ အပ်နှံရပါတယ်။ မြန်မာနိုင်ငံမှာတော့ ရေအဆုံး ကုန်းတဝက် ဆိုတဲ့စကားသုံးလို့ လမ်းမှာကောက်ရရင် တဝက်ပိုင်တဲ့ သဘောမျိုး ယူဆခဲ့ကြပါတယ်။ ကိုယ်ရထိုက်လို့ တွေ့တဲ့သဘောလို့ ဖြေသိမ့်တွေးကြတာ ဖြစ်ပါတယ်။ အမှန်က ကိုယ့်ပစ္စည်း မဟုတ်ပါဘူး။ ပိုင်ရှင်ရှိပါတယ်။
အဲဒီဇယားထဲမှာပဲ စစ်ဓားပြတွေ အတင်းအဓမ္မ အုပ်ချုပ်နေတဲ့ မြန်မာနိုင်ငံကတော့ အဆင့် ၁၅၇ မှာ တည်ရှိပြီး အောက်ဆုံးနိုင်ငံတွေထဲမှာ ရှိနေပါတယ်။ ညွှန်းကိန်းရမှတ် ၂၃ နဲ့ အကျင့်ပျက်ခြစားမှု အများဆုံးနိုင်ငံတွေထဲမှာ ပါနေတာဟာ တရားဥပဒေစိုးမိုးမှုမရှိတာ၊ အုပ်ချုပ်ပုံစနစ် မှားယွင်းနေတာကို မီးမောင်းထိုးပြနေတာပဲ ဖြစ်ပါတယ်။
၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့မှာ စစ်ကြမ်းပိုး စစ်ဓားပြ ဗိုလ်နေဝင်း နိုင်ငံတော်အာဏာကို လက်နက်အားကိုးနဲ့ လုယူလိုက်စဉ်ကစလို့ တိုင်းပြည်ရဲ့ နယ်ပယ်အသီးသီးမှာ စစ်ကြမ်းပိုး လူကြမ်းပိုးတွေ ပေါက်ဖွားထွားကျိုင်းလို့ ပရမ်းပတာ ရမ်းကားခွင့်တွေ ရလာခဲ့ကြတယ်။ ဓားပြဂိုဏ်းရဲ့ ထိပ်ပိုင်းခေါင်းဆောင်ကိုယ်၌က ကိုယ်ကျင့်သီလမဲ့တဲ့ ဓားပြကြမ်းပိုးမျိုးဆိုတော့ သူ့လက်အောက်မှာရှိတဲ့ နောက်တော်ပါ စစ်ဓားပြကြမ်းပိုး စောရသူခိုးတွေ ရှေ့တန်းရောက်လို့ တိုင်းပြည်ကို တက်ညီလက်ညီ ဖျက်ဆီးခဲ့ကြတယ်။
အဲဒီကနေ ၂၆ နှစ်အကြာမှာ အဖိနှိပ်ခံ မြန်မာပြည်သူတွေရဲ့ အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုကြီးဖြစ်တဲ့ ၁၉၈၈ ဩဂုတ်လ ၈ ရက်မှာ ဖြစ်ပွားခဲ့တဲ့ ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးကို သွေးချောင်းစီး သတ်ဖြတ်ပြီး အာဏာထပ်လုခဲ့တဲ့ နဝတ၊ နအဖ စစ်အစိုးရနဲ့ စစ်ဘောင်းဘီချွတ် နာဂစ်အစိုးရလက်ထက်မှာ သူခိုးကြမ်းပိုးတွေ တိုးပွား ကြီးထွားလာခဲ့ကြတယ်။ စစ်ကြမ်းပိုးတွေကို မှီတွယ်ပြီး စီးပွားရေးခရိုနီ ကြမ်းပိုးတွေ၊ ဝန်ထမ်းကြမ်းပိုးတွေ၊ ပညာတတ်ကြမ်းပိုးတွေဟာ တိုင်းပြည်ရဲ့ သယံဇာတ၊ ပြည်သူပိုင်ဘဏ္ဍာ ငွေကြေးဘတ်ဂျက်တွေကို ထုတ်နုတ်ကုပ်သွေးစုပ်ပြီး မသန့်ရှင်းတဲ့ ဓနဥစ္စာတွေနဲ့ ချမ်းသာကြွယ်ဝလို့ ကျက်သရေမဲ့စွာ မြန်မာ့လူ့အသိုင်းအဝိုင်းမှာ တွင်ကျယ်ကြီးစိုးခဲ့ကြတယ်။
နေဝင်း၊ သန်းရွှေ၊ သိန်းစိန်တို့ ဓားပြသူခိုး စောရကြမ်းပိုးတွေ ထူပြောအုပ်စီးခံရတဲ့နိုင်ငံမှာ မြို့မိမြို့ဖ ယဉ်ကျေးမှုတွေ ပျောက်ဆုံးလို့ လူကောင်းတွေ၊ ပညာရှိတွေ ဘေးရောက်ကုန်ပြီး ပညာမဲ့ အရည်အချင်းမဲ့၊ ကိုယ်ကျင့်သီလမဲ့ လူဆိုးလူမိုက်တွေ၊ သူခိုးကြမ်းပိုး မုဒိမ်းကောင်၊ စစ်ရာဇဝတ်ကောင်တွေဟာ ရပ်ရွာ မြို့နယ်၊ ခရိုင်၊ တိုင်းနိုင်ငံအုပ်ချုပ်ရေး ထိပ်ပိုင်းနေရာတွေ ရယူပြီး ဖျက်ဆီးခဲ့ကြတာ အခုနောက်ဆုံး အာဏာငန်းဖမ်းနေတဲ့ သမ္မတရူး မင်းအောင်လှိုင် ခေတ်မှာတော့ အဆိုးဝါးဆုံးအခြေအနေကို ဆိုက်ရောက်လာခဲ့တာ အများပြည်သူအားလုံး သိပြီးဖြစ်ပါတယ်။
အဲဒီလို စစ်အာဏာရှင်စနစ်အောက် ညစ်ပေနေတဲ့ အိပ်ရာခုတင်စုတ်ထက်က ကြမ်းပိုးများလို ပေါများလှတဲ့ မြန်မာနိုင်ငံဟာ တချိန်တခါတုန်းက ကမ္ဘာပေါ်မှာ သူခိုးမရှိတဲ့ နိုင်ငံတနိုင်ငံလို့ ပြောစမှတ်တွင်ခဲ့ဖူးပါတယ်။ ဒီစကားကို ပြောခဲ့သူကတော့ ဗုဒ္ဓရဲ့ ဝိပဿနာ တရားတော်တွေကို ကမ္ဘာအနှံ့ ပို့ချဖြန့်ဝေခဲ့တဲ့ ဆရာကြီးဦးဂိုအင်ကာရဲ့ အဘိုးတော်သူ အိန္ဒိယနိုင်ငံသား ဟိန္ဒူဘာသာဝင် ဗဆေးလာဂျီပဲ ဖြစ်ပါတယ်။
မြန်မာဘုရင်လက်ထက်မှာ ကုန်သည်အလုပ် လုပ်တဲ့ ဗဆေးလာဂျီဟာ ရတနာပုံမန္တလေးမှာ အခြေချနေထိုင်ခဲ့ပြီး အထက်မြန်မာနိုင်ငံက မြို့ရွာတွေဆီ မြင်းတွေ၊ အထမ်းသမားတွေငှား၊ ကုန်တွေတင်ပြီး အရောင်းအဝယ် လုပ်ခဲ့ပါတယ်။ တခေါက်မှာတော့ မြင်း ၅ စီးနဲ့ ကုန်အပြည့်တင်ပြီး ကုန်ရောင်းထွက်ခဲ့ပါတယ်။ မြို့စဉ်ရွာစဉ်လှည့်ပြီး ရောင်းချလာခဲ့တော့ ငွေဒင်္ဂါးအိတ်ကြီး ဖောင်းပြည့်လာခဲ့သတဲ့။
လမ်းခုလတ်တနေရာမှာ မိုးချုပ်သွားတာမို့ အသင့်တွေ့တဲ့ ဇရပ်တဆောင်မှာ နားပြီး ချက်ပြုတ် စားသောက်ကြပြီးတာနဲ့ ညအိပ်တဲ့အခါ ငွေဒင်္ဂါးအိတ်ကို ခေါင်းအုံးအိပ်ပါသတဲ့။ နောက်နေ့မနက် အစောကြီးထပြီး ရှေ့ခရီးဆက်ခဲ့တဲ့အခါ မြို့ ၃ မြို့ ထပ်ရောင်းပြီးရင် ပါလာတဲ့ကုန်တွေ အကုန်ရောင်းပြီး အိမ်ပြန်ရမှာ တွေးပျော်ပြီး ငွေထုပ်ကြီး မေ့ကျန်ခဲ့ပါသတဲ့။
မေ့ကျန်ခဲ့တာကို သတိရလာတဲ့အခါ ထိတ်ထိတ်ပျာပျာနဲ့ ပြန်ယူမလို့လုပ်တဲ့အခါ မြန်မာလူမျိုး အထမ်းသမားတွေက ဗဆေးလာဂျီကို စိတ်မပူဖို့ပြောကြပြီး မြန်မာလူမျိုးတွေဟာ ကိုယ်မပိုင်တဲ့ အရာကို ပိုင်ရှင်မသိဘဲ မယူအပ်ဘူးဆိုတဲ့ ကိုယ်ကျင့်သီလ အဆုံးအမကို လိုက်နာကြပါကြောင်း နားချတာရယ်၊ ခရီးကလည်း လွန်လာတာ အတော်ကြာပြီမို့ ခရီးရှေ့ဆက်ပြီး အပြန်ကြတော့မှ ပြန်ယူမယ်လို့ ဆုံးဖြတ်ခဲ့ပါသတဲ့။ ကုန်တွေရောင်းပြီး ပြန်လှည့်လာကြတော့ ကျန်ရစ်ခဲ့တဲ့ဇရပ် ပြန်ရောက်တဲ့အခါ ငွေအိတ်ကြီးဟာ သူကျန်ခဲ့တဲ့နေရာအတိုင်း မပျက်ယွင်းဘဲ ရှိနေတာကို တအံ့တဩ တွေ့ခဲ့ရပါတဲ့။
နောက်အဖြစ်အပျက်တခုကတော့ နယ်ချဲ့အင်္ဂလိပ်တွေ အုပ်ချုပ်နေတဲ့ ကိုလိုနီခေတ်အတွင်း မန္တလေးမြို့က စျေးချိုတော်ကြီးအလယ်မှာ အမျိုးသမီးတယောက်ဟာ စိန်နားကပ်တဖက် ပြုတ်ကျကျန်ရစ်ခဲ့တဲ့အကြောင်း ဖြစ်ပါတယ်။
လူစည်ကားတဲ့ စျေးလယ်မှာဆိုပေမဲ့ တယောက်မှ ကောက်ယူမသွားခဲ့ကြပါဘူးတဲ့။ ဒါနဲ့ ဈေးပိတ်သွားခဲ့ပြီး စိန်နားကပ်ကြီးကတော့ လမ်းလယ်ပေါ်မှာ ဒီအတိုင်းပါပဲတဲ့။ နောက်တနေ့နံနက် စျေးချိုဖွင့်ခါနီးမှာ အလုပ်သမလေးတယောက်က စိန်နားကပ်ကြီးကို တွေ့သွားတဲ့အခါ ကောက်ယူလိုက်ပြီး စိန်နားကပ်အောက်က ဖုန်တွေ အမှိုက်သရိုက်တွေ လှည်းကျင်းပြီးတဲ့အခါ တွေ့တဲ့နေရာမှာပဲ အတိအကျ ပြန်ထားခဲ့ပါသတဲ့။ နောက်ဆုံးတော့ ဈေးရုံးတာဝန်ခံကိုယ်တိုင် မြို့ထဲ “မောင်းထု ပိုင်ရှင်ရှာပြီး ပေးလိုက်ရတယ်” လို့ ကြားနာ သိမှတ်ခဲ့ရဖူးပါတယ်။
ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် မြန်မာနိုင်ငံက ပြည်သူလူထုဟာ တချိန်တခါတုန်းက ဥစ္စာဆင်းရဲပေမဲ့လည်း စာရိတ္တနဲ့ ဝါရိတ္တတွေ မဆင်းရဲခဲ့ကြပါဘူး။ စင်ကာပူနိုင်ငံလို CCTV စောင့်ကြည့်ကင်မရာတွေ၊ ခိုးဆိုးလုယက် အကျင့်ပျက်ခြစားမှုကို ထိထိရောက်ရောက် အရေးယူ အပြစ်ပေးနိုင်တဲ့ တရားဥပဒေ အုပ်ချုပ်ပုံစနစ် အပြည့်အစုံမရှိပေမဲ့ ဗုဒ္ဓဘုရားအရှင် အဆုံးအမနဲ့ ကိုယ်ကျင့်သီလတွေ စောင့်ထိန်းလို့ သူခိုးမရှိတဲ့နိုင်ငံ ဖြစ်ခဲ့ဖူးပါတယ်။
သီလပျက် စစ်မိစ္ဆာတွေ လက်နက်အားကိုးပြီး နိုင်ငံကို လုယက်အုပ်ချုပ်လာကတည်းက တိုင်းပြည်မှာ လူယုတ်မာတွေ ကြီးပွားချမ်းသာ၊ လူသူတော်ကောင်းတွေ ဆင်းရဲနုံချာခဲ့ရတဲ့အပြင် ခေါင်ကမလုံတော့ တအိမ်လုံး မိုးစိုကြရသလို ထိပ်ဆုံးက သူခိုး ဓားပြ ဆိုတော့ အောက်ခြေကနေ စ လယ် ဆုံး ခိုးဝှက်လုယက် ခြစား ပေါင်းစားမှ ထမင်းစားရကြရတဲ့ စောရသူခိုးနိုင်ငံတော်အဆင့်ကို ကျက်သရေမဲ့စွာ လျှောဆင်းကျဆုံးခဲ့ရတာ ဖြစ်ပါတယ်။
ဒီကနေ့ တိုင်းရင်းသား လုပ်သားပြည်သူတရပ်လုံး အသက်တွေ ပေးဆပ်၊ ဘဝတွေ ရင်းနှီးပေးဆပ်ပြီး တိုက်ပွဲဝင်နေကြတဲ့ မြန်မာ့နွေဦးတော်လှန်ရေးကြီးဟာ စစ်အာဏာစနစ်ကို အပြီးရိုက်ချိုးလို့ စစ်ဓားပြ သူခိုး စောရကြမ်းပိုးတို့ ကင်းစင်မယ့် နိုင်ငံတော်သစ်ကို တည်ဆောက်ပြီး ကိုယ်ကျင့်သီလကောင်းတွေ ဦးစီးတဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု စနစ်နဲ့ အများပြည်သူအားလုံးဘဝ သာယာလှပလို့ အေးချမ်းလုံခြုံစွာ လူ့ဂုဏ်သိက္ခာနဲ့အညီ ရှင်သန်နေထိုင်နိုင်မှာ ဖြစ်ပါကြောင်း။
မင်းကောင်းချစ်