ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ လှည်းတန်းက အဆောင်တခုမှာ နေထိုင်တဲ့ အသက် ၂၃ နှစ်အရွယ် အမျိုးသား ၁ ဦးနဲ့ အသက် ၃၀ အရွယ် အမျိုးသား ၁ ဦးတို့ကို ဇွန် ၄ ရက် မနက်အစောပိုင်း ၃ နာရီလောက်မှာ စစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီးခဲ့ပြီး အဆိုတော် လီလီကျော်နိုင်ကို သေနတ်ပစ်သတ်သူတွေအဖြစ် ဇွန် ၆ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ဖမ်းဆီးခံလိုက်ရတဲ့ အသက် ၂၃ နှစ်အရွယ် ကိုကောင်းဇာနည်ဟိန်း (ခ) လပြည့်ဟာ မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်ပွဲရုံရှိ ကားဝပ်ရှော့မှာ ဝန်ထမ်းလုပ်ကိုင်နေသူဖြစ်ပြီး အသက် ၃၀ အရွယ် ကိုကျော်သူရ (ခ) ကိုအီးတီက မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးရှိ လေထိုးကျွတ်ဖာဆိုင်က အလုပ်သမားဖြစ်တယ်လို့ သိရပါတယ်။
အဆိုတော် လီလီနိုင်ကျော်ဟာ ရန်ကုန်၊ ရန်ကင်းမြို့နယ်၊ ၂ ရပ်ကွက်၊ တိုက်အမှတ် က/၂၆၅ အခန်း ၇၊ ရန်အောင် ၂ လမ်းပေါ်မှာ ကားရပ်ထားချိန် မေ ၃၀ ရက် ည ၇ နာရီလောက်က သေနတ် ၂ ချက် အပစ်ခံရပြီး စိုးရိမ်ရလူနာအဖြစ် မင်္ဂလာဒုံစစ်ဆေးရုံကို ပို့ဆောင်ခဲ့ရတာပါ။
ဇွန် ၆ ရက် မနက် ၅ နာရီခွဲလောက်က စစ်ဆေးရုံမှာပဲ သေဆုံးသွားတာဖြစ်ပြီး လူငယ် ၂ ဦးဟာ လီလီနိုင်ကျော် မသေဆုံးခင် ၂ ရက်ကတည်းက စစ်တပ်က ဖမ်းဆီးသွားတာပါ။
ကမာရွတ်မြို့နယ်မှာ နေသူတဦးက “စံရိပ်ငြိမ်ထဲက ယောကျ်ားလေးအဆောင်တခုမှာ စစ်တပ်က ဝင်ဖမ်းတာ၊ သတင်းအတိအကျရတဲ့ ပုံစံမျိုးနဲ့ ဧည့်စာရင်းစစ်ရင်း ဖမ်းသွားတာ။ မနက်ပိုင်း ၃၊ ၄ နာရီလောက်က။ တိုက်ခန်းပိုင်ရှင်ကိုလည်း ခေါ်သွားတယ်။ မနက်မှ ပြန်လွှတ်တာ။ အဆောင်နေတဲ့သူ ၂ ယောက်တော့ ပါသွားတယ်” လို့ ပြောပါတယ်။
ဖမ်းဆီးခံ လူငယ်အမျိုးသား ၂ ဦးကို Special Task Force (STF) အဖွဲ့ဝင်တွေလို့ ပြောဆိုထားပြီး ဗကသကျောင်းသားဟောင်း ဒီငြိမ်းလင်း အပါအဝင် ဟေဇယ်၊ ယသော်နဲ့ နွေးနွေး စတဲ့သူတွေက သေနတ်ပစ်ခတ်မှုထဲ ပါဝင်နေတယ်လို့ စစ်တပ်ဘက်က ပြောပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ Special Task Force (STF) ဘက်က တရားဝင်သတင်းထုတ်ပြန်တာမျိုး မတွေ့ရသေးသလို လီလီနိုင်ကျော် သေဆုံးတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဖေ့စ်ဘွတ်ခ်မှာ reaction နဲ့ မှတ်ချက်ပေးမိတဲ့ နာမည်ကြီး တေးရေးဆရာ အောင်နိုင်စန်းနဲ့ လူငယ်တချို့ကို စစ်ကောင်စီက ဖမ်းဆီးထားပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ရဲ့ ဇွန် ၅ ရက် ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်း ၈၅၅ ရက်ကြာ ကာလအတွင်း သတ်ဖြတ်ခံရသူ အရပ်သား ၃,၆၂၀ ဦး၊ ဖမ်းဆီးခံရသူ ၂၃,၂၂၈ ဦး၊ ထိန်းသိမ်းခံရဆဲ ၁၈,၉၀၁ ဦးနဲ့ လွတ်မြောက်လာသူ ၄,၃၂၇ ဦး ရှိနေပြီလို့ သိရပါတယ်။