ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမှာ ဇွန် ၆ ရက် မနက်အစောပိုင်းက တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားပြီးနောက် ကျောက်ကြီးမြို့နဲ့ နတ်သံကွင်းမြို့တို့ကို ချိတ်ဆက်ထားတဲ့ စစ်တောင်းမြစ်ကူးတံတား မိုင်းမိပြီး ထက်ပိုင်းကျိုးကျသွားခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
ဇွန် ၆ ရက် မနက် ၄ နာရီ ၁၅ မိနစ်ကစပြီး နတ်သံကွင်း၊ ရေတွင်းကုန်းကြီး၊ ဘုံသတောနဲ့ နတ်သံကွင်းရဲစခန်းတို့မှာ အပြန်အလှန် ပစ်ခတ်သံတွေ ထွက်ပေါ်လာပြီး တိုက်ပွဲက ၃ နာရီကြာလောက် ပြင်းထန်သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသကာကွယ်ရေးတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက “နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အနည်းဆုံး ၁၀ ယောက်ထက်မနည်း ကျဆုံးခဲ့တယ်။ စစ်ကောင်စီဘက်က လေယာဥ်နဲ့ ပစ်ကူပေးနေပေမဲ့ ဒေသကာကွယ်ရေးတပ်ဘက်က အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာ လာရသလို လူနေအိမ် ၅ လုံးလောက်လည်း ထိမှန်ပျက်စီးသွားခဲ့တယ်။ လူအသေအပျောက်တော့ မသိရသေးဘူး” လို့ ပြောပါတယ်။
နတ်သံကွင်း၊ ရေတွင်းကုန်းကြီး၊ ဘုံသတော တပ်စခန်းတွေနဲ့ နတ်သံကွင်းရဲစခန်းတွေကို KNLA နဲ့ PDF ပူးပေါင်းအဖွဲ့က ဝင်ရောက်စီးနင်းခဲ့ပါတယ်။
စစ်တပ်က တိုက်ခိုက်ရေးရဟတ်ယာဉ် ၃ စီးနဲ့ နတ်သံကွင်းရဲစခန်းဘက်ကို ပစ်ကူပေးနေပေမဲ့ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းနယ်မြေမှာ KNLA နဲ့ PDF မဟာမိတ်ပူးပေါင်းတပ်က ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာခဲ့ပြီး အခု လတ်တလောတော့ တိုက်ပွဲငြိမ်သက်နေတယ်လို့ ဆိုပါတယ်။
အဆိုပါ တိုက်ပွဲနဲ့ပတ်သက်လို့ အသေးစိတ်ကိုတော့ နှစ်ဖက် လက်နက်ကိုင်တပ်ဖွဲ့တွေဘက်က ထုတ်ပြန်တာ မရှိသေးပါဘူး။