မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ သဲအင်းကျေးရွာကို ပြီးခဲ့တဲ့ မေ ၂၅ ရက်က အင်အား ၁၀၀ ကျော်ရှိ စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်ကာ အထိုင်ချတပ်စွဲပြီး မီးရှို့ဖျက်ဆီးခဲ့သလို ရွာသား ပြည်သူတဦးကို အိမ်သာထဲမှာ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ထားတာကို တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သတ်ဖြတ်ခံခဲ့ရသူဟာ သဲအင်းရွာခံ အသက် ၃၀ ခန့်ရှိ အမျိုးသားတဦးဖြစ်ပြီး စစ်ကောင်စီတပ်တွေ ထွက်သွားပြီးနောက် ဇွန် ၆ ရက်မှာ ဒေသခံ ကာကွယ်ရေးတပ်တွေက နယ်မြေဝင်ရောက်ရှင်းလင်းရာမှာ အလောင်းကိုတွေ့ရှိတာဖြစ်ပါတယ်။
ဒါ့အပြင် ကျေးရွာထဲက အပြစ်မဲ့ပြည်သူ ၁၀ ဦးထက်မနည်းကိုလည်း တပါတည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
အဲဒီစစ်ကြောင်းဟာ သဲအင်းကျေးရွာမှာ ၆ ရက်ကြာ အထိုင်ချတပ်စွဲပြီး အိမ်ခြေ ၄၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့သလို ရွာစဥ်ရွာဆက် လိုက်လံ မီးရှို့ဖျက်ဆီးနေခဲ့တာမို့ ဇွန် ၆ ရက်မှ ဒေသကာကွယ်ရေးတပ်တွေက ဝင်ရောက် နယ်မြေရှင်းလင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။
သဲအင်းကျေးရွာ ဒေသခံတဦးက “အခုတော့ တချို့တဝက် လိုအပ်တာလေးတွေ ဝင်ယူနေတုန်းပဲ ရှိသေးတယ်။ ပြည်သူအားလုံး ပြန်ဝင်ရောက်နေထိုင်နိုင်တာမျိုး မရှိသေးပါဘူး။ လူဦးရေက ၁,၀၀၀ ကျော်တယ်ဗျ” လို့ ဒီဗွီဘီကို ပြောပါတယ်။
အဲဒီ စစ်ကောင်စီစစ်ကြောင်းဟာ စဥ်ကူးမြို့နယ်ထဲက ကျေးရွာအတော်များများကို လိုက်လံ မီးရှို့ဖျက်ဆီးနေတာဖြစ်ပြီး ကြက်တူရွေးကျေးရွာ အနီးမှာလည်း ဒေသခံ ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွားဖြစ်ပွားတာကြောင့် အများအပြား ကျဆုံးခဲ့တယ်လို့ သတင်းရရှိပါတယ်။