ရာသီဥတုနယ်နိမိတ်ဟာ ၁ ဒီဂရီစင်တီဂရိတ်နားမှာပဲ ရှိရမှာဖြစ်ပြီး ကာဗွန်ထုတ်လွှတ်မှုတွေကို ရပ်တန့်ဖို့ အရေးတကြီး လိုအပ်လာပါပြီ။
ကမ္ဘာကြီးဟာ လူသားတွေကို နေရာထိုင်ခင်းတွေ အမြဲတမ်းပေးနိုင်လိမ့်မယ်လို့ တချိန်က ယုံကြည်ခဲ့ကြတယ်။ ဆိုလိုတာက လူသားတွေလိုအပ်သမျှကို ကမ္ဘာကြီးက ထောက်ပံ့ပေးနေလိမ့်မယ်လို့ ထင်ခဲ့ကြတာပါပဲ။ ကမ္ဘာကြီးက ကြီးသလောက် လူသားတွေလုပ်ခဲ့တဲ့ အရာတွေရဲ့ အကျိုးသက်ရောက်မှုက ပိုကြီးပါတယ်။
ကမ္ဘာမြေကော်မရှင်အဖွဲ့က အပြည်ပြည်ဆိုင်ရာ သိပ္ပံပညာရှင်အဖွဲ့ဟာ ကမ္ဘာကြီးမှာရှိတဲ့ အရေးကြီးတဲ့ နယ်နိမိတ်ငါးခုဖြစ်တဲ့ ရာသီဥတုပြောင်းလဲမှု၊ ဇီဝနယ်ပယ်၊ ရေချိုရရှိမှု၊ အာဟာရဓာတ်ရရှိဖို့ အသုံးပြုတဲ့ ဓာတ်မြေဩဇာနဲ့ လေထုညစ်ညမ်းမှု အကြောင်းတွေကို ဖော်ထုတ်ခဲ့ပါတယ်။
ထိတ်လန့်စရာကောင်းစွာပဲ လူသားတွေဟာ ကမ္ဘာကြီးရဲ့ နယ်နိမိတ်ကြီးငါးခုမှာ လေးခုဟာ လုံခြုံတဲ့ ကန့်သတ်ချက်တွေကို ကျော်လွန်သွားခဲ့ပါပြီ။
အကောင်းမွန်ဆုံး ရရှိနိုင်တဲ့ သိပ္ပံပညာပေါ် အခြေခံပြီး အရေးပေါ်လုပ်ဆောင်ဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။
ကမ္ဘာမြေကြီးရဲ့ နယ်နိမိတ်တွေကို အကဲဖြတ်ဖို့နဲ့ စီမံခန့်ခွဲဖို့အတွက် သင့်တော်တဲ့ နည်းလမ်းကတော့ ဒေသတွင်းကနေ ကမ္ဘာလုံးဆိုင်ရာ အခြေအနေထိ တဆင့်ချင်းသွားဖို့ အရေးကြီးပါတယ်။
၁။ ရာသီဥတုနယ်နိမိတ်
ပါရီသဘောတူညီချက် ၁ ဒသမ ၅ ဒီဂရီ စင်တီဂရိတ်ရဲ့ ပန်းတိုင်ဟာ အန္တရာယ်ရှိတဲ့ ရာသီဥတုတွေ ဖြစ်ပေါ်စေနိုင်တဲ့ အန္တရာယ်ကို ရှောင်ရှားနိုင်ဖို့ ဖြစ်ပါတယ်။ အပူချိန် ၁ ဒသမ ၂ စင်တီဂရိတ်ဖြစ်ချိန်မှာ တရုတ်နိုင်ငံက အပူလွန်ကဲမှု၊ ကနေဒါနိုင်ငံက တောမီးလောင်ကျွမ်းမှု၊ ပါကစ္စတန်နိုင်ငံက ပြင်းထန်တဲ့ ရေလွှမ်းမိုးမှုတွေနဲ့ အမေရိကန်နိုင်ငံက မိုးခေါင်မှုလိုမျိုး ရာသီဥတုနဲ့ဆက်စပ်နေတဲ့ ကပ်ဘေးတွေကြောင့် ကမ္ဘာတဝန်းက လူတွေဟာ အပြင်းအထန် ဒုက္ခရောက်နေကြရပါတယ်။
အပူချိန် ၁ ဒသမ ၅ စင်တီဂရိတ်ထိ ရောက်မယ်ဆိုရင်တော့ လူသန်းပေါင်းများစွာဟာ လူတွေခံနိုင်ရည်ရှိတဲ့ အပြင်ဘက် ပျမ်းမျှအပူချိန်ထက် ကျော်လွန်ထိတွေ့မိပြီး အသက်ဆုံးတဲ့ထိ ဖြစ်နိုင်ပါတယ်။ ရာသီဥတုနယ်နိမိတ်ဟာ ၁ ဒီဂရီစင်တီဂရိတ်နားမှာပဲ ရှိရမှာဖြစ်ပြီး ကာဗွန်ထုတ်လွှတ်မှုတွေကို ရပ်တန့်ဖို့ အရေးတကြီး လိုအပ်လာပါပြီ။
၂။ ဇီဝနယ်ပယ်နယ်နိမိတ်
ကျန်းမာတဲ့ ဇီဝနယ်ပယ်တခုဟာ ကာဗွန်ကိုသိုလှောင်ခြင်း၊ ကမ္ဘာလုံးဆိုင်ရာ ရေသံသရာနဲ့ မြေဆီလွှာ အရည်အသွေးကို ထိန်းသိမ်းခြင်း၊ ဝတ်မှုန်ကူးခြင်းနဲ့ အခြားဂေဟစနစ်တွေကို ကာကွယ်ပေးခြင်းအားဖြင့် မျှတတဲ့ ကမ္ဘာဂြိုဟ်ကို ဖြစ်ပေါ်စေပါတယ်။
ဒီလိုကောင်းမွန်တဲ့ သဘာဝဂေဟစနစ်ကို ရရှိဖို့ ကမ္ဘာမြေရဲ့ ဧရိယာ ၅၀ ရာခိုင်နှုန်းကနေ ၆၀ ရာခိုင်နှုန်းထိ လိုအပ်ပါတယ်။
မကြာသေးခင်က သုတေသနပြုချက်အရ ဩစတြေးလျနဲ့ အမေဇုန်မိုးသစ်တော အပါအဝင် လူဦးရေနည်းပါးတဲ့ ဧရိယာတွေဟာ ကမ္ဘာကြီးရဲ့ ၄၅ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းကြားသာ ကျန်ရှိပါဝောာ့တယ်။
အဲ့ဒီဒေသတွေဟာလည်း ရာသီဥတုပြောင်းလဲမှုနဲ့ လူသားတွေရဲ့ လုပ်ဆောင်ချက်တွေကြောင့် ဖိအားတွေအောက်မှာ ရောက်ရှိနေပါပြီ။
မပျက်စီးတဲ့ သဘာဝဂေဟစနစ်မှာ ပါဝင်ဖို့အတွက် ဒေသအလိုက် လယ်ယာတွေ၊ မြို့ငယ်တွေ၊ မြို့ကြီးတွေနဲ့ အခြား လူသားတွေ လွှမ်းမိုးထားတဲ့ ရှုမျှော်ခင်းတွေဟာ ၂၀ ရာခိုင်နှုန်းကနေ ၂၅ ရာခိုင်နှုန်းအထိ လိုအပ်လာပါတယ်။
လက်ရှိမှာတော့ လူသားတွေလွှမ်းမိုးထားတဲ့ ရှုမျှော်ခင်းထဲက သုံးပုံပုံ တပုံသာ ဒီသတ်မှတ်ချက်နဲ့ ကိုက်ညီပါတယ်။
၃။ ရေချိုနယ်နိမိတ်
ဩစတြေးလျနဲ့ ပါကစ္စတန်တို့မှာ မကြုံစဘူး ရေကြီးမှုတွေကြောင့် ရေချိုများလွန်းတာကလည်း ပြဿနာတရပ်ဖြစ်ပြီး မိုးခေါင်ရေရှားမှုနဲ့ စားနပ်ရိက္ခာထုတ်လုပ်မှုမှာ အခက်အခဲ ဖြစ်နေတာတွေကြောင့် ရေချိုနည်းပါးတာကလည်း ပြဿနာတရပ်ပဲ ဖြစ်ပါတယ်။
ရေချိုစနစ်တွေ ပြန်လည်ဟန်ချက်ညီလာဖို့ စည်းကမ်းချက်တခုကတော့ တလအတွင်းမှာ မြစ် ဒါမှမဟုတ် ချောင်းတွေကနေ ရေ ၂၀ ရာခိုင်နှုန်းထက် ပိုမယူဖို့ ဒါမှမဟုတ် ပိုမထည့်ဖို့ ရှောင်ကြဉ်ရမှာပါ။
လက်ရှိမှာတော့ ကမ္ဘာမြေဧရိယာရဲ့ ၆၆ ရာခိုင်နှုန်းဟာ တနှစ်ပတ်လုံး ပျမ်းမျှစီးဆင်းနေချိန်မှာ ဒီစံနှုန်းနဲ့ ကိုက်ညီတာကို တွေ့ရပါတယ်။
ဒါပေမဲ့ ကမ္ဘာ့လူဦးရေရဲ့ ထက်ဝက်အောက်ဟာ အဲ့ဒီဒေသတွေမှာ နေထိုင်ကြတဲ့အတွက် လူသားတွေရဲ့ အေခြချ နေထိုင်မှုဟာလည်း ကြီးမားတဲ့ အကျိုးသက်ရောက်မှု ဖြစ်ပေါ်စေပြီး မြေအောက်ရေကို အလွန်အကျူး ထုတ်ယူသုံးစွဲနေရပါတယ်။
လက်ရှိမှာ ကမ္ဘာမြေရဲ့ တဝက်နီးပါးဟာ မြေအောက်ရေကို အလွန်အကျွံ ထုတ်ယူသုံးစွဲနေကြတာပါ။
၄။ ဓာတ်မြေဩဇာနဲ့ အာဟာရနယ်နိမိတ်
လယ်သမားတွေက သူတို့ရဲ့ လယ်ယာမြေထဲမှာ ဓာတ်မြေဩဇာတွေ အလွန်အကျွံ သုံးစွဲတဲ့အခါ မိုးရွာတဲ့အချိန် နိုက်ထရိုဂျင်နဲ့ ဖော့စဖရပ်စ်တွေက မြစ်တွေနဲ့ သမုဒ္ဒရာတွေကို စိမ့်ဝင်သွားပါတယ်။
ဒီဓာတ်တွဟာ ရေညှိတွေဖြစ်လာပြီး ဂေဟစနစ်ကို ပျက်စီးစေကာ သောက်သုံးရေ အရည်အသွေးကို ဆိုးဝါးစေပါတယ်။
ကမ္ဘာတဝန်း နိုက်ထရိုဂျင်နဲ့ ဖော့စဖရပ်စ် အသုံးပြုမှုတွေကလည်း နယ်နိမိတ်တွေရဲ့ ဘေးကင်းလုံခြုံမှု အန္တရာယ်ကို နှစ်ဆတိုးလာစေပြီး နိုင်ငံအများအပြားမှာ ဓာတ်မြေဩဇာသုံးစွဲမှုကို လျှော့ချဖို့ လိုအပ်နေပါတယ်။
၅။ လေထုညစ်ညမ်းမှု နယ်နိမိတ်
သုတေသနအသစ်အရ မြောက်ကမ္ဘာခြမ်းနဲ့ ဝောာင်ကမ္ဘာခြမ်းကြားမှာရှိတဲ့ လေထုညစ်ညမ်းမှု အဆင့် တိုးလာမယ်ဆိုရင် လေထုပုံစံနဲ့ မုတ်သုံလေတွေကို အနှောင့်အယှက် ဖြစ်စေနိုင်ပြီး ရာသီဥတုစနစ်တွေကိုလည်း ထိခိုက်စေနိုင်ပါတယ်။
လက်ရှိမှာ လေထုတွင်းပါဝင်တဲ့ ပမာဏက ရာသီဥတု ပြောင်းလဲနိုင်တဲ့ အဆင့်ကို မရောက်သေးပေမဲ့ ကမ္ဘာ့နေရာအများစုမှာတော့ PM2.5 လို့ခေါ်တဲ့ သေးငယ်တဲ့ လေထုညစ်ညမ်းမှု အန္တရာယ်နဲ့ ထိတွေ့နေရပြီး တနှစ်ကို ပျမ်းမျှ ခန့်မှန်းခြေ လူပေါင်း ၄ ဒသမ ၂ သန်းခန့် သေဆုံးလျက်ရှိပါတယ်။
ဒီညစ်ညမ်းမှုအတွက် လေထု ၁ ကုဗမီတာကို ၁၅ မိုက်ခရိုဂရမ်အောက် သိသိသာသာ လျှော့ချရပါမယ်။
ဘေးကင်းပြီး ကောင်းမွန်တဲ့ အနာဂတ်ကမ္ဘာဆီကို ရောက်ရှိဖို့ ကမ္ဘာကြီးရဲ့ အရေးကြီးတဲ့ နယ်နိမိတ်တွေကို လုံခြုံစိတ်ချရတဲ့ အနေအထား ပြန်လည်ရရှိဖို့ ကြိုးပမ်းရပါမယ်။
ကမ္ဘာမြေရဲ့ စနစ်တွေကို ဟန်ချက်မညီအောင် တွန်းပို့နေတဲ့ လူသားတွေရဲ့ အပြုအမူတွေကို ရပ်တန့်ရမှာဖြစ်ပြီး ကမ္ဘာကြီးကို ပျက်စီးစေတဲ့ နည်းလမ်းတွေကိုလည်း ကိုင်တွယ်ဖြေရှင်းရမှာ ဖြစ်ပါတယ်။
ပြောင်းလဲမှုတွေကို တွန်းအားပေးဖို့ စည်းမျဉ်းစည်းကမ်းတွေနဲ့ မက်လုံးအခြေပြုစနစ်တွေကို ဖန်တီးဖို့ အစိုးရဆီက အကူအညီတွေကိုလည်း လိုအပ်ပါတယ်။
လီလီ