ရန်ကုန်၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် မြို့နယ်ကြံ့ခိုင်ရေးပါတီရုံးနဲ့ မြောက်ဥက္ကလာပမြို့နယ် ကန်သာယာပန်းခြံမှာ ဇွန် ၅ ရက် ညက ဗုံးပေါက်ကွဲခဲ့ပါတယ်။
ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ ၁၂ ရပ်ကွက်၊ ကျန်စစ်သားလမ်းမပေါ်ရှိ မြို့နယ် ကြံ့ခိုင်ရေးပါတီရုံးရှေ့မှာ မနေ့ည ၈ နာရီဝန်းကျင်က ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။
“ရုံးရှေ့မှာပေါက်တာ၊ လူရော အဆောက်အဦရော ထိခိုက်တာမရှိဘူး။ ကြံ့ခိုင်ရေးကလူတွေရော စစ်တပ်ရော ရောက်လာပြီး စစ်ဆေးနေတယ်။”
အလားတူ မြောက်ဥက္ကလာပမြို့နယ်၊ ဋ ရပ်ကွက်၊ သုဓမ္မာလမ်းမပေါ်ရှိ ကန်သာယာပန်းခြံအတွင်း မနေ့ည ၈ နာရီဝန်းကျင်က လက်လုပ်ဗုံးတလုံး တွေ့ခဲ့ပြီး စစ်တပ်က ဖောက်ခွဲခဲ့တယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။
“ပန်းခြံထဲမှာ ဗုံးတွေ့တယ်ဆိုပြီး စစ်တပ်ရော ရဲရော အများကြီးပဲ၊ ပန်းခြံအနီးတဝိုက်ကိုလည်း စစ်ဆေးတယ်၊ တွေ့တဲ့ဗုံးကို စစ်တပ်ကပဲ ဖောက်ခွဲလိုက်တယ်။”
မနေ့ နေ့လယ် ၁၂ နာရီကလည်း ကျောက်တံတားမြို့နယ်၊ ၄ ရပ်ကွက်၊ ပန်းဆိုးတန်းလမ်းရှိ အကောက်ခွန်ဦးစီးမှူးရုံးမှာ ဗုံးပေါက်ခဲ့ပြီး ဒုဦးစီးမှူး အပါအဝင် ငါးဦး ဒဏ်ရာရရှိခဲ့ပါတယ်။
အလားတူ ဇွန် ၂ ရက် ည ၉ နာရီဝန်းကျင်ကလည်း ဒဂုံဆိပ်ကမ်းမြို့မရဲစခန်းက မြို့နယ်ရဲတပ်ဖွဲ့မှူးနဲ့အဖွဲ့ ပစ်ခတ်ခံရပြီး ထိခိုက်ဒဏ်ရာရသူတွေ ရှိပါတယ်။