စစ်ကိုင်းတိုင်း၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ စန္ဒားအုပ်စု၊ စက်တောကျေးရွာတွေဘက်ကို ခလရ-၂၇၂၊ ခလရ-၂၂၂၊ ခမရ-၃၇၀ နဲ့ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တပ်မဟာ-၈၉၁၊ တပ်မဟာ-၇၅၃ တို့ ပူးပေါင်းအင်အား ၂၀၀ ဝန်းကျင်နဲ့ ဇွန် ၂ ရက် မနက် ၁၀ နာရီက စစ်ကြောင်းထိုးလာရာ PDF မဟာမိတ်တပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်တပ်က လေယာဉ်ပစ်ကူနဲ့ ဗုံးကြဲခဲ့တယ်လို့ ဟုမ္မလင်း PDF က ဇွန် ၅ ရက် ဒီနေ့ ထုတ်ပြန် ပြောဆိုပါတယ်။
“ရန်သူ့စစ်ကြောင်းကို ဖောင်းပြင်-ဟုမ္မလင်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်းနဲ့ ဖောင်းပြင် (ပ.က.ဖ) တွေက ဝိုင်းရံပိတ်ဆို့ ပစ်ခတ်တိုက်ခိုက်တာ တိုက်ပွဲကပြင်းထန်ပြီး ဇွန်လ ၃ ရက်နေ့၊ ညနေ ၃ နာရီ မိနစ် ၄၀ လောက်မှာ ဟုမ္မလင်းကနေ ပျံတက်လာတဲ့ Mi-17၊ Mi-35 ၂ စီးနဲ့ လေကြောင်းကနေ ပစ်ခတ် ဗုံးကြဲခဲ့ပါတယ်။ ၄ ရက်နေ့ နေ့လယ် ၁ နာရီခွဲလောက်မှာ ဟုမ္မလင်းမြို့နယ်၊ ကျွန်းကုန်းရွာ စက်တောတဖက်ကမ်းကို အထိအခိုက်များပြီး ဆုတ်ခွာသွားကြတယ်” လို့ HPDF က ပြောပါတယ်။
စစ်တပ်က စက်တောရွာကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံ ရွာသူရွာသားတွေ ခါးဝတ်ခါးစားနဲ့ ဘေးလွတ်ရာ တောထဲတွေနဲ့ ဆွေမျိုးနီးစပ်ရာရွာတွေကို ထွက်ပြေးတိမ်းရှောင်ကြရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။