မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ ကြက်တူရွေးရွာနဲ့ သဲအင်းရွာတွေက စစ်ကောင်စီတပ် စစ်ကြောင်းထွက်သွားပြီး ဇွန် ၄ ရက်က ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ နယ်မြေရှင်းလင်းရေး ဝင်ချိန်မှာ မီးရှို့သတ်ခံထားရတဲ့ အလောင်း ၇ လောင်း တွေ့ခဲ့တယ်လို့ သိရပါတယ်။
ကြက်တူရွေးရွာမှာ မီးရှို့သတ်ခံထားရတဲ့ အမျိုးသမီးတဦးနဲ့ အမျိုးသားနှစ်ဦးအလောင်းကို တွေ့ခဲ့ရပြီး သဲအင်းရွာမှာ အမျိုးသားအလောင်း ၄ လောင်း တွေ့ခဲ့ရတယ်လို့ Bo Tiger အဖွဲ့မှ ဗိုလ်ကျားကြီးက ပြောပါတယ်။
“သူတို့က ဇွန် ၁ ရက်နေ့က ကြက်တူရွေးကိုမီးရှို့ပြီး ထွက်သွားတာ။ မနေ့က ရှင်းလင်းရေးဝင်တော့ အလောင်းတွေတွေ့တယ်။ စစ်ကြောင်းမရှိတော့ဘူးထင်ပြီး နေအိမ်တွေ မီးပြန်ငြှိမ်းတဲ့သူတွေ သတ်ခံထားရတာ။”
သဲအင်းရွာနဲ့ ကြက်တူရွေးရွာတွေက နေအိမ်တွေ မီးရှို့ခံထားရချိန်မှာ စစ်သားတွေ မရှိတော့ဘူး အထင်နဲ့ နေအိမ်မီးပြန်ငြှိမ်းသူတွေ သတ်ခံထားရတာဖြစ်တယ်လို့ ပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်းက မေ ၂၁ ရက်ကစတင်ပြီး စဥ့်ကူးမြို့နယ်ထဲကို စစ်ကြောင်းထိုးလာပြီးနောက် မေ ၂၅ ရက်မှာ ကြက်တူရွေးရွာနဲ့ သဲအင်းရွာတွေကို မီးရှို့ခဲ့ပြီး မေ ၂၇ ရက်နေ့မှာ မီးသွားငြှိမ်းတဲ့ ပြည်သူတွေရဲ့အလောင်းကို မနေ့က တွေ့ခဲ့တာလို့ သိရပါတယ်။
စဥ့်ကူးမြို့နယ်ထဲက ကျွန်းကြီးရွာ၊ သဲအင်းရွာ၊ တမာကုန်းရွာနဲ့ ကြက်တူရွေးရွာတွေ မီးရှို့ခံထားရပြီး နေအိမ်လောင်ကျွမ်းမှု အသေးစိတ်ကို မသိရသေးပါဘူး။
စစ်ကိုင်း၊ ဝက်လက်မြို့နယ်က နဘဲပင်လှရွာကို ဇွန် ၃ ရက်က စစ်ကောင်စီ စစ်ကြောင်းထိုးလာပြီးနောက် အမျိုးသားတဦးကို ခေါင်းဖြတ်မီးရှို့သတ်ခဲ့ပြီး တမာကန်ရွာက မိုင်းတွင်းမှာ အလုပ်လုပ်နေတဲ့ လူငယ်တဦးကိုလည်း ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။
“နဘဲပင်လှရွာကို စစ်ကြောင်းဝင်လာပြီး ဘုန်းကြီးကျောင်းပါမကျန် မီးရှို့တာ။ မန်ကျည်းပင်ပေါ်တက်ပုန်းတဲ့ ကောင်လေးကို သေနတ်နဲ့ပစ်ချပြီး ခေါင်းဖြတ်ထားခဲ့တာ။ ခန္ဓာကိုယ်ကို မီးရှို့ထားခဲ့တယ်။ အဲ့စစ်ကြောင်းက တမာကန်ကို ဆက်ဝင်ပြီး မိုင်းတွင်းမှာ အလုပ်လုပ်နေတဲ့ ကလေးကို ပစ်သတ်သွားတာ” လို့ ဗိုလ်ကျားကြီးက ပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်းက နဘဲပင်လှရွာကို မီးရှို့တာကြောင့်ဘုန်းကြီးကျောင်း အပါအဝင် နေအိမ် ၅၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
နဘဲပင်လှရွာကနေ ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းက တမာကန်ရွာကို ထပ်မံဝင်ရောက်ပြီး ဆိုင်ကယ် ၃ စီးခန့်ကို မီးရှို့ကာ တိုက်ရွာကို ထပ်မံဝင်ရောက်ပြီး ပြည်သူတချို့ကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
တိုက်ရွာကထွက်လာတဲ့ စစ်ကြောင်းက စဥ့်ကိုင်ရွာကိုဝင်ပြီး ဇွန် ၅ ရက် ဒီနေ့မှာ ရွာကိုမီးရှို့ခဲ့တယ်လို့ သိရပါတယ်။