Home
မြန်မာသတင်း
မိုးဗြဲမြို့ထဲကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၊ ဖယ်ခုံတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ရွာသားများ စစ်ရှောင်
DVB
·
June 5, 2023
IDP

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့ထဲကို စစ်ကောင်စီတပ်က ဇွန် ၄ ရက် ည ၇ နာရီခွဲလောက်ကစပြီး လက်နက်ကြီးနဲ့ အကြိမ်ရေ ၂၀ ထက်မနည်း ပစ်ခတ်လို့ ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ်တွေ ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်နေတာကြောင့် ပြည်သူတွေနဲ့ အိုးအိမ်တွေ ထိခိုက်နေရပြီး ပျက်စီးမှု အတိအကျကိုတော့ အတည်ပြုနိုင်ဖို့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

ဒေသခံတဦးက “စစ်ကောင်စီဘက်က တောက်လျှောက် ပြည်သူတွေဘက်ကို လျှောက်ပစ်နေတာ။ လောလောဆယ်ထိတော့ ပြည်သူ ၃ ဦး (မစိုးရိမ်ရ) လို့ကြားတယ်။ နေအိမ်ပျက်စီးတာတွေလည်း ရှိတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဘက်က မိုးဗြဲမြို့ထဲကို လက်နက်ကြီးအပြင် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်နေတာကြောင့် ပြည်သူတွေအနေနဲ့ ဗုံးခိုကျင်း၊ ကတုတ်ကျင်း တူးထားကြဖို့ တော်လှန်ရေးအဖွဲ့တွေက အကြံပြုတိုက်တွန်းထားပါတယ်။

မိုးဗြဲမြို့ကို စစ်ကောင်စီတပ်က လမ်းပန်းဆက်သွယ်ရေး၊ ကုန်သွယ်ရေး လမ်းကြောင်းတွေကိုပါ ပိတ်ဆို့ပြီး အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတယ်လို့ သတင်းရင်းမြစ်တဦးဆီက သိရပါတယ်။

မိုးဗြဲမြို့တွင်း စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာရရှိသူနဲ့ သေဆုံးသူ ၅ ဦးထက်မနည်း ရှိနေပြီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူ ၃ ဦးလည်း ရှိခဲ့ပြီလို့ သိရပါတယ်။

ဖယ်ခုံမြို့မှာလည်း ဇွန်၂ ရက်အထိ စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၁၅ ကြိမ်ထက်မနည်း လုပ်လို့ အနီးရှိ ရွာ ၆ ရွာက ဘေးလွတ်ရာကို ရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ငွေကြေးတတ်နိုင်သူတွေက မြို့ပေါ်ရှောင်ကြပေမဲ့ ငွေကြေးမတတ်နိုင်သူ အများစုက တောင်ယာ၊ ချောင်းနံဘေးတွေနဲ့ တောတွေထဲ ရှောင်နေသူဦးရေ ၃၀၀ ကျော်ရှိပါတယ်။

ဖယ်ခုံ ပကဖရဲဘော်ရိတ်က “မိုးတွင်းဆိုတော့ မိုးကာတွေ အဓိကလိုအပ်ပါတယ်။ စားနပ်ရိက္ခာကိုတော့ တချို့က ရှောင်နေပေမဲ့ ရိက္ခာပြန်ယူတာတွေရှိတယ်။ ဒီတကျောဘက်မှာ ရှောင်တဲ့ ရွာသားတွေ လုံခြုံမှုမရှိဘူး။ အနောက်တောင်တကျောလုံး စစ်လေယာဥ်ဝဲနေတော့ မလုံခြုံဘူး” လို့ ပြောပါတယ်။

ဖယ်ခုံမြို့မှာ ဧပြီလမှ ဇွန် ၂ ရက်အထိ စစ်ကောင်စီတပ်နဲ့ ဒေသတွင်း တော်လှန်ရေး ညီနောင်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ တိုက်ပွဲအတွင်းမှာ PDF နဲ့ KNDF မှ ရဲဘော် ၃ ဦး ကျဆုံးခဲ့ပြီး စစ်ကောင်စီတပ်က အရာရှိ၊ စစ်ကြောင်းမှူးတွေ အပါအဝင် ၆ဝ ကျော် သေဆုံးခဲ့တယ်လို့ ဖယ်ခုံ PDF က ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024