ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းနယ်မြေရဲစခန်းနားက နေအိမ်တလုံးကို ဇွန် ၄ ရက် မနက် ၉ နာရီလောက်မှာ သေနတ်ကိုင် အမျိုးသား ၃ ဦးက ဓားပြတိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ငြိမ်းချမ်းသာယာကျေးရွာ၊ အမှတ် ၃ ရပ်ကွက်က နေအိမ်ကို မျက်နှာဖုံးစွပ် သေနတ်ကိုင် လူငယ်သုံးဦးက အိမ်စီးကားတစီး၊ ငွေကျပ် သိန်းသုံးဆယ်နဲ့ လက်ကိုင်ဖုန်းတလုံးကို ဓားပြတိုက်သွားတာလို့ သိရပါတယ်။
ဒေသခံတဦးက “မနက် ၉ နာရီလောက် မျက်နှာဖုံးစွပ် လူငယ်သုံးဦးက သေနတ်တွေကိုင်ပြီး ဓားပြတိုက်သွားတာ။ အိမ်ပိုင်ရှင်ကို တိပ်အဝါတွေနဲ့ပတ်၊ ခြေတွေ လက်တွေကို ကြိုးနဲ့တုတ်ပြီး အိမ်စီးကားတစီး၊ ငွေသားသိန်းသုံးဆယ်နဲ့ လက်ကိုင်ဖုန်း ယူသွားတယ်။ ဓားပြတိုက်ခံရတဲ့ အိမ်က လုံးခင်းနယ်မြေရဲစခန်းနဲ့ သိပ်မဝေးဘူး” လို့ ပြောပါတယ်။
ဓားပြတိုက်ခံရတဲ့ ဦးမျိုး ဆိုသူရဲ့ နေအိမ်ဟာ လုံးခင်းနယ်မြေရဲစခန်းနဲ့ ကိုက် ၁၀၀ ခန့် အကွာအဝေးမှာ တည်ရှိပါတယ်။
ဇွန် ၂ ရက် ညပိုင်းကလည်း လုံးခင်းကျေးရွာ သံတံတားပေါ်မှာ အမည်မသိ သေနတ်သမား ၅ ဦးက မော်တော်ယာဉ် ၅ စီးထက် မနည်းကို ဓားပြတိုက် ယူဆောင်သွားပါတယ်။