UNOCHA နှင့် အခြားကုလသမဂ္ဂအေဂျင်စီများသည် ၎င်းတို့ လုပ်ဆောင်နေသည့်အရာနှင့် မြန်မာနိုင်ငံတွင် အကူအညီများ မည်သို့ လုပ်ဆောင်ခဲ့သည်ကို အဖြစ်မှန်နှင့် လွဲမှားစွာ အဆက်မပြတ် မှားယွင်းပြောဆိုနေကြပုံမှာ ဒေါသထွက်စရာပင် ဖြစ်သည်။ တချိန်တည်းမှာပင် ၎င်းတို့သည် ပြည်သူလူထု၏ ခုခံမှုမှဝေးကွာစေရန် လူသားချင်းစာနာမှု မက်လုံးများ ဖန်တီး၍ စစ်အာဏာရှင်တို့ကို ကူညီပေးလျက်ရှိသည်။
ယေဘုယျအားဖြင့် စေ့စေ့တွေးလျှင် ရေးရေးပေါ်ပါသည်။ အပြင်လူတွေ မမြင်နိုင်သည့် အစစ်အမှန် မျဉ်းကြောင်းတွေ ရှိပါသည်။ မျဉ်းတဖက်တွင် စစ်အစိုးရသည် ကြီးမားသော လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်အခြေအနေများ အများအပြားဖြစ်စေရန် အလေးအနက်ထားပြီး စနစ်တကျ ဖန်တီးနေပါသည်။ အခြားတဖက်တွင်မူ မြန်မာစစ်အာဏာရှင် လက်အောက်ရှိ နယ်မြေများတွင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရန် နိုင်ငံတကာ အဖွဲ့အစည်းများကို ခွင့်ပြုထားသည်။ သို့သော် စည်းကျော်ခွင့်တော့ မပေးထားပါ။
တစ်ဖက်မှာ တုတ်တစ်ချောင်းက လူတွေကို ပြင်းပြင်းထန်ထန် ရိုက်သည်။ တစ်ဖက်တွင်လည်း မုန်လာဥနီ ကျွေးနေပါသည်။ တုတ်၀ေလိုက်၊ မုန့်ဝေလိုက် ဖြစ်နေပါသည်။ မြန်မာနိုင်ငံရှိ ပြည်သူများနှင့် လှုပ်ရှားသူအားလုံးအတွက် ကမ်းလှမ်းချက်အမြဲ ရှိနေသည်။ ၎င်းမှာ ကျွန်ုပ်တို့၏ ဘက်ခြမ်းသို့ လာပါ၊ အကယ်၍ သင်သည် ပြည်တွင်း CSO၊ နိုင်ငံတကာ NGO၊ UN အေဂျင်စီ သို့မဟုတ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ဖြစ်ပါက ထောက်ပံ့ကူညီမှုများ ပေးအပ်နိုင်ပါမည်၊ သို့မဟုတ် သင်သည် စစ်အာဏာရှင်တို့မှ နေအိမ်နှင့် စားဝတ်နေရေး ဖျက်ဆီးခဲ့သော စစ်ဘေးရှောင် ဖြစ်ပါက ထောက်ပံ့ကူညီမှုများခံရပါမည်။
ထို မုန်လာဥနီနှင့် သဘောတရားတူသည့် ကူညီထောက်ပံ့မှုများကို ထိုင်းသို့ ဓာတ်ငွေ့ရောင်းချခြင်းမှ ရရှိသောငွေ သို့မဟုတ် မြန်မာစစ်အာဏာရှင်တို့မှ ပိုက်လိုင်းမှတဆင့် ရုရှား၏လောင်စာဆီများကို တရုတ်သို့ ပို့ဆောင်ခြင်းမှ ရရှိသောငွေများမှ ရန်ပုံငွေရယူထားခြင်း မဟုတ်ပါ။ ထိုငွေများကို ရုရှား၊ တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်နှင့် အီရန်တို့မှ လက်နက်များဝယ်ယူရန် အသုံးပြုသည်။ ကူညီထောက်ပံ့မှုများကို EU၊ USAID၊ ဂျပန်တို့မှ ရန်ပုံငွေတို့အပြင် ကုလသမဂ္ဂအေဂျင်စီများနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ INGO များအတွက် အဓိကပံ့ပိုးပေးသည့် အခြားအလှူရှင်နိုင်ငံများ၏ ရန်ပုံငွေကို အသုံးပြုသည်။ ရေနံနှင့် သဘာဝဓာတ်ငွေ့မှရသောငွေသည် စစ်အာဏာရှင်တို့၏ တုတ်ချောင်းဖြစ်လာပြီး ဒီမိုကရေစီနိုင်ငံမှ ငွေများသည် စစ်အာဏာရှင်တို့၏ မုန်လာဥနီအတွက် ပေးနေကြခြင်း ဖြစ်သည်။
ကုလသမဂ္ဂအေဂျင်စီများနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ INGO များ၏ မိမိကိုယ်ကိုယ် ခုခံကာကွယ်ရေးစံနှုန်းမှာ ၎င်းတို့သည် အထက်ဖော်ပြပါလမ်းကြောင်းကို ဖြတ်၍ ထောက်ပံ့ကူညီမှုများ ပေးနေကြရခြင်းဖြစ်သည်ဟု ပြောဆိုကြခြင်း ဖြစ်သည်။ သို့သော် ယင်းကို အသုံးပြုနေကြသော ဒေသခံ CSO များကို အရဲစွန့်၍ မပြောနိုင်ပေ။
ထိုသို့ ကြီးမားစွာ ခြယ်လှယ်မှုနေမှုအတွက် ကျွန်တော် အကဲဖြတ်နိုင်သလောက် အကြောင်းပြချက် နှစ်ခုမှာ
၁။ “မမြင်နိုင်ပေမယ့် တကယ့်အစစ်အမှန်ရှိနေသောမျဉ်း” ကို ဖြတ်ပြီး ထောက်ပံ့ရေးရန်ပုံငွေအဖြစ် လွှဲပေးခြင်းသည် တကယ့် လိုအပ်ချက်တွေကို ပေးသည့်အရာနှင့် စစ်အာဏာရှင်ဘက်ခြမ်းမှာ သုံးစွဲနေသည်ကို နှိုင်းယှဉ်ကြည့်ပါက အနည်းငယ်သာ ရောက်ပါသည်။ ဤသည်မှာ အဓိပ္ပာယ်သိပ်မရှိသော ထောက်ပံ့ကူညီမှုဖြစ်ပြီး စစ်အာဏာရှင်တို့၏ လက်နက်သဖွယ် အသုံးပြုနေသော ကူညီထောက်ပံ့မှုများအကြောင်း မေးမြန်းသောအခါတွင် အကြောင်းပြချက် တစ်ခုသာ ဖြစ်လာသည်။
၂။ ထောက်ပံ့မှုများ ပေးပို့ခြင်းနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာမှုရှိခြင်းသည် ထောက်ပံ့မှုများ ပေးသလောက် အရေးကြီးပါသည်။ စစ်အာဏာရှင်တို့သည် ထောက်ပံ့ကူညီမှုများကို ဝါဒဖြန့်ခြင်းဆိုင်ရာ ရည်ရွယ်ချက်များအတွက် အသုံးပြုပြီး လူထုအား စစ်အာဏာရှင်တို့ အောက်တွင် ထောက်ပံ့ကူညီမှုရပြီး လုံခြုံသည်ဟု အထင်ကြီးစေရန်အတွက် အသုံးပြုပါသည်။ အကြမ်းဖက်စစ်အာဏာရှင်တို့၏ အဓိကပစ်မှတ်ဖြစ်သော လူများဘက်သို့ နိုင်ငံတကာအသိုင်းအဝိုင်း၏ ရပ်တည်မှုကို လျှို့ဝှက်ထားခြင်းသည် လူထုအတွက် ပစ်ပယ်ခံရခြင်း၊ စိတ်ဓာတ်ကျခြင်းနှင့် စိတ်ပျက်အားငယ်ခြင်းစသော စိတ်ပိုင်းဆိုင်ရာ အကျိုးသက်ရောက်မှုများကို ပြင်းပြင်းထန်ထန်ဖန်တီးနေပါသည်။ စင်စစ် ကျွန်တော်တို့သည် အခြားသောအရာများကို လုပ်ဆောင်နိုင်ပါသည်။
OCHA အဆင့်မြင့် ကိုယ်စားလှယ်အဖြစ် Ms. Danielle Parry က တွေ့ဆုံပြီး စစ်အာဏာရှင်တို့နှင့် မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့်ခံရသူများအတွက် တတ်နိုင်သမျှ ညှိနှိုင်းရန် ကြိုးစားနေသလို တစ်ချိန်တည်းတွင် အခြားသော ကုလသမဂ္ဂ အဆင့်မြင့် ကိုယ်စားလှယ်များသည် NUG၊ ERO ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် လူသိရှင်ကြား တွေ့ဆုံလျှင် ကျွန်တော့်အမြင် ပြဿနာမဖြစ်နိုင်ပါ။ ထို NUG, ERO နှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများသည် အဓိကအားဖြင့် ပြည်သူလူထုထံမှ ရန်ပုံငွေရှာဖွေခြင်းနှင့် ဒေသခံရပ်ရွာလူထု၏ ကိုယ်ထူကိုယ်ထ ကူညီခြင်း စသော နည်းပါးသောအရင်းအမြစ်များမှတဆင့် တတ်စွမ်းသမျှ ထောက်ပံ့ကူညီမှုများစွာကို ပြုလုပ်လျက် ရှိပါသည်။ အဓိကအလှူရှင်များထံမှ များပြားလှသော ရန်ပုံငွေများရရှိမည်ဆိုပါက အဆိုပါ လှုပ်ရှားဆောင်ရွက်သူများသည် ရန်ကုန်အခြေစိုက် အေဂျင်စီများမှ လက်လှမ်းမမီနိုင်သော နေရာများသို့ ထောက်ပံ့ကူညီမှုများ အမြောက်အမြား ပေးပို့နိုင်မည်ဖြစ်ပြီး ၎င်းသည် ကုန်ကျစရိတ်ထက် အနည်းဆုံး ၁၀ ဆ ပိုမိုထိရောက်မည် ဖြစ်သည်။
OCHA နှင့် တခြားသောကုလသမဂ္ဂအေဂျင်စီများသည် ရန်ပုံငွေတစိတ်တပိုင်းကို စစ်အာဏာရှင်တို့က ဂိတ်စောင့်ထားသော နယ်မြေတွေဆီ လွှဲပေးတဲ့အတွက် ပြဿနာမရှိပါ။ ထိုနေရာများတွင် လိုအပ်နေသူများစွာ ရှိသည်ဆိုသည်ကို သိပါသည်။
သို့သော် ကူညီထောက်ပံ့ရေးရန်ပုံငွေ၏ နောက်ထပ်နှင့် ကြီးမားသောပမာဏကို စစ်အာဏာရှင်တို့ ဘက်မှ ဝင်ရောက်ခွင့်နှင့် ထောက်ပံ့ခွင့်ကို ကန့်သတ်ထားသည့် နယ်မြေများထံသို့ ပို့ဆောင်ပေးသင့်သည်။ အဆိုပါနေရာများတွင် လိုအပ်ချက်များ သိသာစွာ ရှိနေပြီး ကူညီထောက်ပံ့မှုများ လိုအပ်နေသော လူအများအပြားလည်း ရှိသည်။ ရန်ကုန်မြို့အခြေစိုက်သည့် အေဂျင်စီများနှင့် အဖွဲ့အစည်းများမှာ မလုပ်ဆောင်နိုင်သောအရာများ ဖြစ်ပြီး ၎င်းတို့သည် စစ်အာဏာရှင်တို့၏ ဓားစာခံ အခြေအနေတွင် ရှိနေသည်။
UN အေဂျင်စီများနှင့် FCDO၊ EU နှင့် USIAD ကဲ့သို့သော အလှူရှင်ကြီးများသည် “တဘက်ခြမ်းမှ အရပ်ဘက်လူမှုအဖွဲ့အစည်းများကို အကူအညီများပေးနေကြောင်း” အဆက်မပြတ် တုံ့ပြန်ပြောဆိုလေ့ ရှိသော်လည်း ၎င်းအား လူသိရှင်ကြား မထုတ်ပြန်နိုင်ပေ။ ဥပမာ ရခိုင်ပြည်နယ်ရှိ UN သည် ပြည်တွင်းအဖွဲ့အစည်းများမှတဆင့် အယောက် ၁၀,၀၀၀ ကျော် သို့ လက်လှမ်းမှီမှု ရှိသော်လည်း ခရီးသွားခွင့်ပြုချက်မရှိသောကြောင့် အများပြည်သူသို့ မဖော်ပြလိုပေ။
မြေပြင်က လူများစွာနှင့် ထိတွေ့ပြီးနောက် ကျနော်ကြားသမျှကို မေးခွန်းမထုတ်ပါဘူး။ ‘မျဉ်း၏တဘက်ခြမ်း’ရှိ တချို့ဒေသများသို့ ရောက်ရှိနေသည့် ကူညီထောက်ပံ့ရေး ရန်ပုံငွေအချို့ကိုလည်း ကျွန်တော် သတိပြုမိပါသည်။ သို့သော် ကျွန်တော့်အနေဖြင့် သတိထားမိသည်မှာ
၁) ဒါက – ပမာဏနည်းပါသည်။
၂) စနစ်တစ်ခုလုံးသည် ဗျူရိုကရေစီ ဖြစ်သောကြောင့် ထိုနည်းပါးသည့် ပမာဏသည်ပင် အလွန်သေးငယ်သော ပမာဏဖြင့် အလွန်နှေးကွေးစွာ နောက်ကျမှ ရောက်ရှိပါသည်။
၃) ကူညီထောက်ပံ့မှုများ လုံးဝမရောက်သေးသော နယ်မြေတွေလည်း များစွာရှိပါသေးသည်။ ထိုဒေသတွေဆီ ထောက်ပံ့မှုတွေရောက်ဖို့ မဖြစ်နိုင်တာမျိုး မဟုတ်ပါ။ ရန်ကုန်အခြေစိုက် UN အေဂျင်စီတွေနဲ့ INGO တွေမဟုတ်ဘဲ တခြားလမ်းကြောင်းတွေကိုသုံးဖို့ပဲ လိုပါသည်။ အကူအညီပေးရေး အေဂျင်စီများသည် ရန်ပုံငွေပေါ်တွင် ထိုင်ကာ ‘ခရီးသွားခွင့်ပြုချက်’ရရှိရေး ညှိနှိုင်းရန် ကြိုးစားနေသေးသရွေ့ ၎င်းတို့သည် အကူအညီပေးမည့်နေရာသို့ သွားရန် အဆုံးအဖြတ်ပေးသူအဖြစ် စစ်အာဏာရှင်တို့အား လက်ခံထားခြင်း ဖြစ်သည်ကို ဖော်ပြပြီး ကူညီထောက်ပံ့မှုများ မရောက်ရှိသေးသော နယ်မြေများနှင့် လူအများအပြား ရှိနေသည်ကို လက်ခံကြောင်း ဖော်ပြသည်။( ရိုးသားစွာ ဝန်ခံမည် မဟုတ်သော်လည်း)
လူသားချင်း စာနာထောက်ထားမှု မရရှိသော အမှန်တကယ် ဆိုးရွားနေသည့် နေရာများမှ “ယခုအချိန်အထိ နိုင်ငံတကာ အဖွဲ့အစည်းများ၏ အကူအညီကို ကျွန်ုပ်တို့ မရရှိခဲ့ပါ”ဟု ခံစားချက်ပြင်းပြင်းဖြင့် ထပ်ခါတလဲလဲဖွင့်ဟလျက်ရှိသည်။
တော်တော်လေးကို ပြောရမယ့် စကားတစ်ခွန်းကို မျှဝေလိုပါသည်။ မြန်မာနိုင်ငံတွင် နိုင်ငံတကာ ထောက်ပံ့ကူညီရေး အသိုက်အဝန်း၏ “မနှစ်မြို့ဖွယ် လျှို့ဝှက်အမှန်တရား” လို့ ခေါ်တဲ့ အရာတစ်ခုကို ဖော်ထုတ်ခြင်းလည်း ဖြစ်ပါသည်။ USAID၊ EU နှင့် FCDO တို့မှ ရန်ပုံငွေ ထောက်ပံ့ထားသော စီမံကိန်းများကို မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်နိုင်စေရန်အတွက် စစ်အာဏာရှင်တို့နှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးထားသည့် INGO များတွင် အကြီးတန်းရာထူးများ၌ လုပ်ကိုင်နေသော နိုင်ငံခြားသားများအကြောင်း အဆက်အသွယ်များမှ တဆင့် ကြားသိခဲ့ရပါသည်။ “ကျွန်ုပ်တို့၏ အနာဂတ်စျေးကွက်ကို ကာကွယ်နေပါသည်”ဟု တခါက စကားဝိုင်းတွင်ပွင့်လင်းစွာ ဖွင့်ဆိုသည်။
ကုလသမဂ္ဂ အေဂျင်စီများနှင့် နိုင်ငံတကာ ထောက်ပံ့ကူညီရေး NGO များသည် မြန်မာနိုင်ငံရှိ ပြည်သူများအား ရှုံးနိမ့်စေသော အဓိကအခြေခံကျသည့်အချက်လည်း ဖြစ်သည်။ ။ အဆုံးတွင် စစ်အာဏာရှင်သည် နိုင်လိမ့်မည်ဟုအားလုံးက အတိအကျ တွက်ဆကြဟန်ရှိသည်။ ၎င်းတို့အား မောင်းထုတ်ခံရမည်ကို မလိုလားသည့်အပြင် အနာဂတ် ပဋိပက္ခလွန် ဖွံ့ဖြိုးတိုးတက်မှု၊ ငြိမ်းချမ်းရေး၊ ပြန်လည်သင့်မြတ်ရေးနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ စွမ်းဆောင်နိုင်မှု အစီအစဉ်များအတွက် ကောင်းစွာ နေရာယူထားကာ ယှဉ်ပြိုင်နိုင်စွမ်းရှိစေရန် ဆက်လက်တည်ရှိနေလိုကြသည်။
၎င်းသည် ‘ကြားနေရေး’ နှင့် ‘မရှိမဖြစ်သော လူသားချင်းစာနာထောက်ထားမှု’ တို့အကြောင်း မဟုတ်ဘဲ “လက်ရှိနှင့် အနာဂတ်ဈေးကွက်ကို ကာကွယ်ခြင်း"ဆိုသော အကြောင်းများသာ ဖြစ်သည်။ ‘ကြားနေရေး’ နှင့် ‘မရှိမဖြစ်သော လူသားချင်း စာနာထောက်ထားမှု’ တို့ကို အကြောင်းပြခြင်းနှင့် အကူအညီပေးရေးရန်ပုံငွေများကို စစ်အစိုးရ၏ လက်နက်အနေဖြင့် ဓားစာခံအဖြစ် ထားရှိခြင်းမှ ရုန်းထွက်ရန်သည် ဆန့်ကျင်ဘက်သဖွယ် ကွဲပြားခြားနားပါသည်။
စစ်အာဏာရှင်တို့၏ ဖြတ်လေးဖြတ် သုတ်သင်ရှင်းလင်းခြင်း စစ်ဆင်ရေးကြောင့် အကြမ်းဖက်ခံရသော ရပ်ရွာများနှင့် စစ်ဘေးရှောင်များအား အကူအညီများ ပေးအပ်ရာတွင် အမှန်တကယ် ပါဝင်နေသော EROs များ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပြည်သူ့ဝန်ဆောင်မှုများ၊ NUG လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝန်ကြီးဌာနနှင့် ပြည်တွင်းရှိ မြန်မာအရပ်ဘက်အဖွဲ့အစည်းများအတွက် နိုင်ငံတကာ အကူအညီနှင့် OCHA ၏ ခြယ်လှယ် ပြောဆိုဆက်သွယ်မှု၏ အလွဲသုံးစားလုပ်မှုကို တုံ့ပြန်ရန် တစ်ခုတည်းသော ထိရောက်သောနည်းလမ်း ရှိပါသည်။ ၎င်းမှာ စစ်အာဏာရှင်တို့ ထိန်းချုပ်မှု မရှိသော နယ်မြေများနှင့် အရပ်သားလူထုကို ထိုးစစ်ဆင်နွှဲနေသည့် နယ်မြေများသို့ အကူအညီ မရောက်ရှိကြောင်း ပမာဏဖော်ပြသည့် ခိုင်လုံသော အစီရင်ခံစာများနှင့် မြေပုံများကို ပုံမှန် ထုတ်ဝေခြင်းနည်းလမ်း စတင်လုပ်ဆောင်ရန် ဖြစ်ပါသည်။
အီဂေါဗလာဇီဗစ်