Home
မြန်မာသတင်း
မြောက်ဦးမြို့က ပရဟိတသမားအချို့ကို စစ်ကောင်စီက ဖမ်းဆီး စစ်ဆေး
DVB
·
June 5, 2023
350515147_914251059674210_2190865804247100651_n

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှာ မုန်တိုင်းဘေးကြုံတွေ့နေရတဲ့ ပြည်သူတွေအတွက် လူမှုကယ်ဆယ်ရေးလုပ်နေတဲ့ ပရဟတိတသမားတွေကို သတင်းဌာနတွေနဲ့ သတင်းဖြေဆိုတယ်ဆိုပြီး  စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးနေတယ်လို့   မြို့ခံတွေက ပြောပါတယ်။

မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ရခိုင်ပြည်နယ်မှာ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တွေက ပြန်လည် ထူထောင်ရေးအတွက် ပြည်သူလှူဒါန်းထားတဲ့ ငွေကြေးပစ္စည်းတွေနဲ့ အဓိကဆောင်ရွက်နေရပြီး စစ်ကောင်စီက ထိရောက်တဲ့ကူညီတာတွေမရှိဘူးဆိုပြီး ဝေဖန်ခံနေရတဲ့အတွက် အခုလို ဖမ်းဆီးစစ်ဆေးတာလို့ ဆိုပါတယ်။

ဇွန် ၂ ရက်က ရခိုင်ပြည်နယ်၊ မြောက်ဦးအခြေစိုက် ကယ်ဆယ်ရေးအဖွဲ့တဖွဲ့ရဲ့ကားကို စစ်ဆေးခံရပြီး လူ ၈ ဦးကို ဖမ်းဆီးစစ်ကြောခဲ့ပြီး တချို့ပြန်လွတ်ခဲ့ပေမယ့် တာဝန်ခံကိုတော့ ဆက်လက်ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ 

မြောက်ဦးမြို့နယ် နယ်မြေခံ တဦးမှ "လိုအပ်တဲ့ပစ္စည်းတွေ လှူပြီးအပြန်မှာ ဖမ်းခံရတယ်။ သူတို့က အသင်းကားနဲ့တော့မဟုတ်ဘူး။ အိမ်စီးကားနဲ့ပဲ။ သူတို့အဖွဲ့က ပရဟိတအသင်းတော့ မဟုတ်ဘူး။ ရခိုင်ပြည်နယ် ဖွံဖြိုးတက်တက်ဖို့ ဆောင်ရွက်တဲ့အဖွဲ့ပေါ့။ လိုအပ်တဲ့အချိန်မှာလည်း ကယ်ဆယ်ရေး တွေ လုပ်ကျတယ်။ သူတို့ကို မြောက်ဦးမြို့အထွက် စစ်ဆေးရေးဂိတ်က ဖမ်းတာ။ လူငယ်တွေကို ပြန်လွှတ်ပေးလိုက်ပေမဲ့ အသင်းတာဝန်ရှိသူ တယောက်ကိုတော့ ဖမ်းပြီးစစ်ဆေးနေတယ်” လို့ ပြောပါတယ်။

အခုအဖမ်းခံရတဲ့အဖွဲ့ဟာ လူနာတင်ယာဉ်နဲ့ ကျန်းမာရေးကူညီမှုအသင်းမျိုး မဟုတ်ဘဲ ရခိုင်ပြည်နယ် တိုးတက်ရေးနဲ့ သဘာဝဘေးတွေကို အဓိက ကူညီဆောင်ရွက်ပေးနေတဲ့ အသင်းအဖွဲ့ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့လကလည်း ရခိုင်လေဘေးသင့်ပြည်သူတွေကို ကူညီပေးနေတဲ့ စာရေးဆရာ ဝေဟင်အောင်အပါအဝင် ပရဟိတသမား ၅ ယောက်ကို  စစ်ကောင်စီတပ်က  ဖမ်းဆီးစစ်ဆေးပြီး ဝေဟင်အောင်အပါအဝင် ၃ ယောက်ကို ပြန်လွှတ်ပေးခဲ့ပေမဲ့ ၂ ယောက်ကိုတော့ တရားစွဲထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက်  စစ်ကောင်စီက တော်လှန်ရေးမှာ တနည်း မဟုတ်တနည်း ပါဝင် ပတ်သက်တဲ့ လူမှုကူညီကယ်ဆယ်ရေးအသင်းအဖွဲ့ဝင်တွေကို ဖမ်းဆီး စစ်ဆေးတာအပြင် နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ထောင်ချတာတွေရှိသလို အသင်းအဖွဲ့ မှတ်ပုံတင်နဲ့ အသင်းပိုင် ပစ္စည်းတွေကိုပါ သိမ်းဆည်းခဲ့ပါတယ်။

ပြည်တွင်းသတင်းဌာနတွေဖြစ်တဲ့ 7days ၊ ရုပ်သံလိုင်းတွေဖြစ်တဲ့ DVB၊ Mizzima နဲ့ အွန်လိုင်းမီဒီယာတွေဖြစ်တဲ့ မြန်မာနောင်း၊ ခေတ်သစ်စတဲ့ မီဒီယာ ၅ ခုကို  ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ဝေခွင့်လိုင်စင်တွေ ၂၀၂၁ ခုနှစ်၊ မတ် ၈ ရက်က ရုပ်သိမ်းခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024