ရခိုင်ပြည်နယ် မြောက်ဦးအခြေစိုက် ရဲတပ်ရင်း ၃၁ က ရဲတပ်သား ၂ ယောက်ဟာ စစ်ကောင်စီရဲ့လက်အောက်မှာ ဆက်လက်တာဝန်ထမ်းဆောင်လိုစိတ်မရှိတော့လို့ ဒီဇင်ဘာ ၃၀ ရက် ညနေ ၄ နာရီကျော်လောက်မှာ သေနတ် ၂ လက်နဲ့ ခဲယမ်းတွေယူဆောင်လာကာ ရက္ခိုင့်တပ်တော်(အေအေ) ထံမှာ အလင်းဝင်ရောက်ခဲ့ကြတယ်လို့ အေအေနဲ့ နီးစပ်သူတယောက်က ဒီဗွီဘီကို ပြောပါတယ်။
သူတို့ ၂ ယောက်ကိုတော့ သက်ဆိုင်ရာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) နယ်မြေရုံးမှာ စစ်ဆေးမေးမြန်းတာတွေ ပြုလုပ်နေပြီး ကောင်းမွန်စွာ စောင့်ရှောက်ထားကာ လုံခြုံစိတ်ချရတဲ့ နေရာကို ပို့ဆောင်ပေးဖို့ စီစဥ်နေတယ်လို့ ဆိုပါတယ်။
“စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေကတော့ နောက်ထပ်လည်း အများအပြား အလင်းဝင်လာနိုင်တယ်ဗျ။ ဘာလို့လဲဆိုတော့ စစ်ကောင်စီက ဘုရားတွေ၊ သာသနိက အဆောက်ဦတွေ၊ ယာဥ်ကျေးမှုအမွေအနှစ်တွေကို ဖျက်ဆီးနေတဲ့အပြင် အပြစ်မဲ့ပြည်သူတွေကို ရက်ရက်စက်စက် သတ်ဖြတ်နေတာကို မျက်ဝါးထင်ထင် မြင်တွေ့နေရတာဖြစ်လို့ အသိတရားရှိတဲ့သူမှန်သမျှကတော့ အနှေးနဲ့ အမြန် အလင်းဝင်လာကြမှာပါ” လို့ အေအေနဲ့ နီးစပ်သူက ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်းရှိ စစ်ကောင်စီတပ်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ အသက်မသေဘဲ မိသားစု၊ ဆွေမျိုး၊ မောင်နှမတွေနဲ့ ကောင်းမွန်စွာတွေ့ခွင့်ရလိုပါက မိမိတို့ရဲ့ နီးစပ်ရာစခန်းတွေကို အမြန်ဆုံးဆက်သွယ်ပြီး လက်နက်ချအညံ့ခံဖို့ ရက္ခိုင့်တပ်တော်(အေအေ) က အသိပေး ထုတ်ပြန်ထားပါတယ်။