မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ လက်ထောက်အခွန်ဦးစီးမှူးနဲ့ ဇနီးတို့ကို ဒီဇင်ဘာ ၃၀ ရက် မွန်းလွဲပိုင်းမှာ အမည်မသိသေနတ်သမားတွေက ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဟားခါးမြို့ကနေ ခွင့်နဲ့ပြန်လာတဲ့ လက်ထောက်အခွန်ဦးစီးမှူး ဦးသန်းလွင်နဲ့ ဇနီးဖြစ်သူ ဒေါ်မြင့်မြင့်ခိုင်တို့ကို ဒီဇင်ဘာ ၃၀ ရက်နေ့ မွန်းလွဲ ၃ နာရီလောက်က ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်ကျေးရွာမှာရှိတဲ့ သူရဲ့နေအိမ်မှာ အမည်မသိသေနတ်သမား ၂ ယောက်က လာရောက်ပစ်ခတ်ခဲ့တာပါ။
ပစ်ခတ်ခံရမှုကြောင့် အသက် ၅၃ နှစ်အရွယ် လက်ထောက်အခွန်ဦးစီးမှူး ဦးသန်းလွင်ဟာ ညာဘက်ပေါင်၊ ညာဘက်ဒူး၊ ကျောကုန်းနဲ့ ဝမ်းဗိုက် ကျည်ဖောက်ဝင်ဒဏ်ရာတို့ ရရှိခဲ့ပြီး အသက် ၄၀ အရွယ် ဒေါ်မြင့်မြင့်ခိုင်ကတော့ ခေါင်းဘယ်ဘက် ကျည်ဖောက်ဝင်ဒဏ်ရာ ရရှိခဲ့ပြီး ကျိုက်ထိုဆေးရုံကြီးမှာ ကုသနေပါတယ်။
ကျိုက်ထိုမြို့နယ်ဒေသခံတယောက်က “သူက ဟားခါးမှာ တာဝန်ကျနေတာ။ အခု ခွင့်နဲ့ပြန်လာချိန် သေနတ်သမား ၂ ယောက်က လာပစ်သွားတာ။ လ/ထအခွန်ဦးစီးမှူးကတော့ ဒဏ်ရာ တော်တော်များတော့ အသက်အန္တရာယ်စိုးရိမ်ရတယ်။ သူ့မိန်းမကတော့ ဘာမှသိပ်စိုးရိမ်ရတဲ့ အခြေအနေမရှိပါဘူး။ ပစ်ခတ်ခံရပြီးတော့ အဲနားတဝိုက် ရဲနဲ့စစ်သားတွေ ကားနဲ့ဆိုင်ကယ်တွေကို ခဏတော့ စစ်ဆေးမှုတွေ လုပ်သွားတယ်။ ကျိုက်ထိုဆေးရုံမှာတော့ မနေ့က တနေကုန် ရဲတွေ ခြေရှုပ်နေတာပဲ” လို့ ပြောပါတယ်။
အောက်တိုဘာ ၁၅ ရက်ကလည်း ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာမှာ BGF ဗိုလ်ဟောင်း စောနန်းဦး ပစ်သတ်ခံရခဲ့သလို ဩဂုတ် ၂၄ ရက်ကလည်း BGF က ဗိုလ်ဝင်းစိုးနဲ့ ဇနီး ပစ်ခတ်ခံခဲ့ရပါတယ်။