စစ်ကိုင်းတိုင်း ယင်မာပင်ခရိုင်၊ ဇီးဖြူကုန်းရွာ တိုက်ပွဲအတွင်း ဇွန် ၅ ရက် မနက် ၆ နာရီမှာ စစ်တပ်က လေကြောင်းက ပစ်ကူပေး တိုက်ခိုက်ခဲ့တယ်လို့ ပုလဲမြို့နယ်ကာကွယ်ရေးခေါင်းဆောင် တွေက ပြောပါတယ်။
ဇီးဖြူကုန်းရွာက ပျူစခန်းကို သိမ်းပိုက်ဖို့ ကာကွယ်ရေးတပ်ဖွဲ့တွေက ဇွန် ၂ ရက်ကနေ ၄ ရက်အထိ တောက်လျှောက် တိုက်ခိုက်လာခဲ့အပြီးမှာ စစ်တပ်က လေကြောင်းပစ်ကူပေးလာတာလို့ ဆိုပါတယ်။
သခင်ဒေါင်းညိုအဖွဲ့ရဲ့တာဝန်ရှိသူက “ဒီနေ့ ဇွန် ၅ ရက်မနက်မှာ လေယာဉ်နဲ့ လာပစ်တာ။ နယ်မြေ ကျွမ်းကျင်မှုရော၊ ကြိုတင် ပြင်ဆင်မှုရော ရှိနေတော့ အထိအခိုက် မရှိခဲ့ဘူး” လို့ ပြောပါတယ်။
၃ ရက်တာ တိုက်ပွဲမှာတော့ ဒေါင်းညိုအဖွဲ့က ၂ ယောက်နဲ့ စစ်တပ်က ၁၀ ယောက် သေဆုံးခဲ့ တယ်လို့ သိရပြီး လေကြောင်း ပစ်ခတ်မှုမှာတော့ ထိခိုက်မှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။
ဇီးဖြူကုန်းကျေးရွာဟာ ပျူစောထီးတွေနဲ့ စစ်ကောင်စီတပ် ခြေကုတ်စခန်းချရာနေရာတခုဖြစ်ပြီး မတ် ၂၁ ရက်ကလည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက အခုလို ဝင်ရောက်တိုက်ခိုက်ခဲ့ဖူးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်း မုံရွာမြို့နယ်၊ မြေနဲကျေးရွာနားမှာ ဇွန် ၄ ရက် ညနေ ၃ နာရီလောက်က စစ်ကား ၂ စီး မိုင်းဆွဲခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိုင်းဆွဲတိုက်ခိုက်ပြီး စစ်တပ်နဲ့ ဒေသကာကွယ်ရေးတပ်တို့ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
မြေနဲရွာနေသူတဦးက “အရင်ဆုံးပေါက်ကွဲသံ ကြားလိုက်ပြီး အပြန်အလှန် ပစ်သံတွေတော့ ကြားလိုက်ရတယ်။ စစ်ကား ၂ စီးကို ကာကွယ်ရေးအဖွဲ့တွေက တိုက်တာလို့ပဲ သိလိုက်တယ်။ နှစ်ဖက် အသေအပျောက်ကတော့ မသိရဘူး”လို့ ပြောပါတယ်။
စစ်တပ်က စစ်ကိုင်းတိုင်းထဲက မုံရွာ-မန္တလေးသွား ကားလမ်းပိုင်းကို ထိန်းချုပ်ဖို့ ကြိုးစားနေပေမဲ့ အခုလို ကာကွယ်ရေးအဖွဲ့တွေရဲ့ အကြိမ်ကြိမ်တိုက်ခိုက်တာကို ခံနေရတာပါ။
မြန်မာတော်ဝင်နဂါးတပ်မတော်မှ ဗိုလ်နဂါးက “မြေနဲ့ရွာအနီး မိုင်ဆွဲ၊ အပြန်အလှန် တိုက်ပွဲဖြစ်ခဲ့တယ်။ သတင်းရလို့ အသင့်စောင့်ပြီး မိုင်းဆွဲခဲ့တာ။ ၂ ကောင် သေပြီး ထိခိုက်ဒဏ်ရာ ရသူ များတယ်” လို့ ပြောပါတယ်။
အခုတိုက်ခိုက်တာကို မြန်မာ့တော်ဝင်နဂါးတပ်တော်၊ MRDAတပ်ခွဲ(၂) စေတန်တပ်ခွဲနဲ့ 5/UG အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ် ။
စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်၊ ဆာလင်းကြီးမြို့နယ် ညောင်ပင်ကြီးရွာဘက်ကို ဇွန် ၄ ရက်က မနက် ၉ နာရီက စစ်ကောင်စီ စစ်ကြောင်းရောက်ရှိလာတာကြောင့် ဒေသခံသောင်းနဲ့ချီ စစ်ဘေးရှောင်နေကြတယ်လို့ ညောင်ပင်ကြီး ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီက ဆားလင်းကြီးပကဖအဖွဲ့ဝင် ကိုမြတ်သူဝင်းကို ဖမ်းဆီးပြီးနောက် ဇွန် ၄ ရက်မနက် ၉ နာရီဝန်းကျင်မှာ မုံရွာဘက်ကမ်းကနေ ဆားလင်းကြီးနယ် ညောင်ပင်ကြီးဆိပ်ကမ်းကို အင်အား ၁၆၀ လောက်ပါတဲ့ စစ်ကြောင်းက ချင်းတွင်းမြစ်ကို ဖြတ်ကူးလာတာပါ။
ညောင်ပင်ကြီးရွာဟာ လက်ပံတောင်းတောင်ကြေးနီ စီမံကိန်းအနီးမှာရှိတဲ့ ရွာကြီးတရွာဖြစ်ပြီး ကိုမြတ်သူလင်းဟာ လက်ပံတောင်းသပိတ်ကို ဓာတ်ပုံရိုက်ကူးပေးခဲ့တဲ့ အလွတ်တန်းဓာတ်ပုံဆရာ တယောက်ဖြစ်ပြီး ပကဖအဖွဲ့ဝင်မဟုတ်ဘူးလို့ ဆားလင်းကြီးမြို့နယ် ပအဖခေါင်းဆောင်က ငြင်းဆို ထားပါတယ်။
ဒေသခံတဦးက “စစ်ကြောင်းကတော့ ညောင်ပင်ကြီးရွာကနေ ဘယ်မှမထွက်သေးဘူး။ စစ်ကြောင်း ဘယ်မှ မထွက်သေးလည်း ပြည်သူက ကြောက်ကြတော့ ကြိုရှောင်နေကြတယ်” ပြောပါတယ်။
မေ ၃၁ ရက် ညနေက ဆားလင်းကြီးမြို့နယ်ထဲက တရုတ်ဝမ်ပေါင်ကြေးနီစီမံကိန်းစောင့် စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့တွေ တပ်စွဲထားတဲ့ဂိတ်ကို ယင်းမာပင်ခရိုင် အမှတ် ၂၈ တပ်ရင်း ဓားမဆိုင်းတပ်မတော်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေက သွားရောက်တိုက်ခဲ့အပြီး မေ ၂ ရက်ညမှာ စစ်တပ်က လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်ခတ်ခဲ့တဲ့အပြင် စစ်ကြောင်းပါ ဝင်ရောက်လာတာ ဖြစ်ပါတယ်။
စစ်ကြောင်းဝင်လာတာကြောင့် ညောင်ပင်ကြီးရွာနဲ့အနီးတစ်ဝိုက်က ရွာရှည်ရွာ၊ ထန်တောရွာ၊ ရွှေလှေရွာ၊ တုံရွာမ၊ လယ်တီရွာနဲ့ မင်္ဂလာကုန်းစတဲ့ရွာတွေက ဒေသခံတွေ စစ်ဘေး ရှောင် နေကြတာ ဖြစ်ပါတယ်။