ပဲခူးတိုင်းအနောက်ခြမ်း သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ရန်ကုန်ပြည်လမ်းမကြီးပေါ်မှာ ရပ်ထားသော ကုန်တင်ကားနောက်ပိုင်းကို ဆိုင်ကယ်တစီး တိုက်မိရာက အမျိုးသား ၂ ယောက် သေဆုံးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဇွန် ၄ ရက် မနက် ၁ နာရီလောက်က ကြို့ပင်ကောက်မြို့နယ်၊ ကျွဲဘိရွာနားမှာ ကားစက်ပျက်လို့ ရပ်ထားတဲ့ကားကို ဆိုင်ကယ်က တိုက်မိခဲ့တာပါ။
မိသားစုဝင်တဦးက "သူတို့ အရေးကြီး ကိစ္စနဲ့ သွားရင်းဖြစ်တာ။ ညက မိုးလည်းရွာထားတယ်။ အဲဒီနေရာက မှောင်တာလည်း ပါတာပေါ့။ ကားကြီးက လမ်းတခြမ်းကို တင်ရပ်ထားတာ။ ကားနောက်ပိုင်း ရောင်ပြန်တွေကလည်း အရောင်မရှိတော့ဘူး။ ကလေးတွေက ကားအောက်ထိကို ရောက်သွားတာ” လို့ ပြောပါတယ်။
ယာဉ်တိုက်မှုကြောင့် ကြို့ပင်ကောက်မြို့နယ်၊ ပြည်တန်းလမ်းနေ ကိုရှိုင်းလင်းထက် (၂၆)နှစ်နဲ့ ကိုဆန်းရှိုင်းထွဋ် (၂၃) နှစ်တို့ အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ပြီး ရုပ်အလောင်းတွေကို ကြို့ပင်ကောက်မြို့၊ နာရေးကူညီမှုအသင်းက မြို့နယ်ဆေးရုံကြီး ရင်ခွဲရုံကို ပို့ပေးခဲ့တယ်လို့ သိရပါတယ်။
Photo နာရေးကူညီမှုအသင်း ကြို့ပင်ကောက်