ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ပင်မှီရွာအုပ်စု၊ ညောင်ကျိုးရွာနားက တောင်စောင်း တခုမှာ ဇွန် ၂ ရက် ညနေပိုင်းက မိုးကြိုးပစ်တာကြောင့် မိုးကြိုးစက်ကွင်းမိပြီး အမျိုးသား ၁ ယောက် နဲ့ နွား ၁ ကောင် သေဆုံးခဲ့တယ်လို့ အောင်ပန်းမြို့နာရေးကူညီမှုအသင်းက ပြောပါတယ်။
အဲဒီညနေ ၃ နာရီလောက်က ညောင်ကျိုးရွာရဲ့အနောက်တောင်ဘက် ၂ မိုင်ခန့်ရှိ တောင်စောင်းတခုမှာ မိုးရွာလာပြီး မိုးကြိုး ၂ ကြိမ်ခန့် ပစ်ချခဲ့တာပါ။
အောင်ပန်းမြို့နာရေးကူညီမှုအသင်း ဥက္ကဋ္ဌက "သူတို့နွားကျောင်းရင်းနဲ့ မိုးရွာလာတာနဲ့ တယောက်စီ ခွဲပြီး ပြေးတဲ့အချိန်မှာ သေသွားတဲ့တယောက်က ထိသွားတာ။ တယောက်ကတော့ လွတ်သွားတယ်၊ ပြီးခဲ့တဲ့နှစ် မိုးတွင်းကလည်း ကျွဲတကောင်နဲ့ လူတယောက် မိုးကြိုးအပစ်ခံရသေးတယ်၊ အခုနေရာနဲ့ သိပ်မဝေးဘူး " လို့ ဆိုပါတယ်။
မိုးကြိုးပစ်နေချိန်အတွင်း နွားကျောင်းနေတဲ့ လူငယ် ၂ ဦးက တောင်စောင်းပေါ်ကနေ ပြေးဆင်းရာမှ မိုးကြိုးစက်ကွင်းမိပြီး အသက် ၁၈ နှစ်အရွယ် မောင်တညွှန်းနဲ့ နွားမတကောင်လဲကျသေဆုံးသွား ပါတယ်။
သေဆုံးသူရုပ်အလောင်းကို အောင်ပန်းမြို့ဆေးရုံကို နာရေးကူညီမှုအသင်းယာဉ်နဲ့ ပို့ဆောင် ပေးထားပြီး နွားကျောင်းဘက်လူငယ်အမျိုးသားကတော့ ထိခိုက်မှု မရှိဘူးလို့ သိရပါတယ်။
ဇွန် ၁ ရက်ကလည်း ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ လွယ်ပွတ်ထီကတူရွာသား အသက် ၄၀ ခန့်ရှိ အမျိုးသားတဦး မိုးကြိုးအပစ်ခံရလို့ သေဆုံးသွားပါသေးတယ်။