ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့မှာ မိုးအဆက်မပြတ်ရွာပြီး ရေကြီးနေတဲ့အတွက် မြို့ပေါ်ရပ်ကွက်တချို့ ရေကြီးနေပြီး လူ ၁,၀၀၀ ကျော်ရေဘေးသင့်နေတယ် မြို့ခံတွေက ပြောပါတယ်။
မိုးရွာသွန်းပြီး တောင်ကျရေကြောင့် ကလောချောင်းရေလျှံခဲ့ပြီး ဇူလိုင် ၃၁ ရက်နေ့ကစလို့ မြို့ပေါ် ရပ်ကွက် ၂ နဲ့ ရပ်ကွက် ၄ တို့မှာ ရေကြီးနေတာပါ။
ရေဝင်ရောက်နေတဲ့ အိမ်ခြေ ၃၀၀ ကျော်က လူဦးရေ ၁,၀၀၀ ကျော် ရေဘေးသင့်နေပြီး ကူညီပေးတဲ့ ပရဟိတအသင်းတွေမရှိတဲ့အတွက် ကလောချောင်းနံဘေး နေထိုင်သူတွေဟာ ဆွေမျိုးတွေအိမ်မှာ ကိုယ့်အစီအစဉ်နဲ့ကိုယ် ရေဘေးရှောင်နေကြရတယ်လို့ သိရပါတယ်။
ကလောမြို့ခံတယောက်က “ရေအများဆုံးကြီးတာက ရပ်ကွက် ၂ နဲ့ ရပ်ကွက် ၄ ပေါ့နော်။ ဇူလိုင် ၃၁ ရက်နေ့ထဲက အိမ် ၃၀၀ ကျော်လောက် ရေဝင်ရောက်နေတယ်။ ကယ်ဆယ်ရေးလည်းမရှိသလို ရေဘေးကူညီသူလည်းမရှိဘူး။ ချောင်းနားအိမ်တချို့တော့ အမျိုးတွေအိမ်မှာပေါင်းနေနေရတယ်” လို့ ပြောပါတယ်။
ကလောမြို့မှာ တောင်ကျရေစီးဆင်းလို့ မကြာခဏရေကြီးတတ်ပြီး ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်တုန်းက ၆ ကြိမ် အထိ ရေကြီးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။