ရန်ကုန်၊ အင်းစိန်မြို့နယ်နဲ့ တာမွေမြို့နယ်တို့မှာ ဇွန် ၂ ရက် ညပိုင်းက ယာဉ်တိုက်မှု ၂ ကြိမ် ဖြစ်ပွားခဲ့ပြီး ယာဉ်တိုက်မှုအတွင်း ကား ၇ စီး ပျက်စီးကာ အရပ်သား ၂ ဦးနဲ့ မီးသတ်အဖွဲ့ဝင် ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ ရန်ကုန်မြို့ကယ်ဆယ်ရေးအသင်းတွေက ပြောပါတယ်။
အင်းစိန်မြို့နယ် စဉ့်ငူရပ်ကွက်၊ ပုလဲလမ်းမမှာ ဇွန် ၂ ရက်၊ ည ၁၀ နာရီ ၁ဝ မိနစ်ခန့်က ရပ်ထားတဲ့ YBS 40 ကို ဒိုင်နာယာဉ်တစီးက အနောက်ကနေ ဝင်တိုက်ခဲ့တာပါ။
အင်းစိန်မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ တာဝန်ရှိသူတဦးက " လမ်းက ကျောက်ခင်းလမ်းထ တာယာ စက်ရုံ အရှေ့မှာပေါ့။ လိုင်းကားကို ဒိုင်နာက အနောက်ကနေ ဝင်တိုက်တာပါ။ လမ်းက မီးပျက်ချိန် မှောင်နေတဲ့အချိန် ဖြစ်သွားတာ။ ဒိုင်နာရဲ့ယာဉ်မောင်းက ညာဘက်ခြေထောက်ကျွံဝင်ပြီးတော့ ညှပ်နေတာပေါ့။ ၁၉၉ တပ်ဖွဲ့တွေနဲ့ ပေါင်းပြီး ကယ်ဆယ်ခဲ့ပါတယ်။ မီးသတ်တပ်ဖွဲ့ဝင် တဦးတော့ လက်ထိခိုက်သွားပါတယ်၊ ၂ ဦးစလုံးကို အင်းစိန်ဆေးရုံကြီး ပို့ပေးထားပါတယ် " လို့ ဆိုပါတယ်။
ယာဉ်တိုက်မှုကြောင့် ဒိုင်နာယာဉ်မောင်းဖြစ်သူ အမျိုးသား ၁ ဦး ညာခြေထောက် ပြင်းထန်ဒဏ်ရာနဲ့ ကားထဲ ညှပ်နေပြီး အင်းစိန်မီးသတ်တပ်ဖွဲ့ဝင် ၁ ဦး လက်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
YBS ကားနောက်ပိုင်းနဲ့ ဒိုင်နာယာဉ် ခေါင်းခြမ်းကြေမွပျက်စီးသွားပြီး ဒဏ်ရာရရှိသူတွေကို အင်းစိန်မြို့နယ်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီညပိုင်း ၁၀ နာရီခွဲလောက်မှာပဲ တာမွေမြို့နယ်၊ တာမွေအဝိုင်းထိပ်၊ မြင်းပြိုင်ကွင်းလမ်းမပေါ်မှာ မီးပွိုင့်မိနေချိန်အ ကား ၅ စီးဆင့်တိုက်မှု ဖြစ်ပေါ်ခဲ့ပါတယ်။
ဝင်တိုက်တဲ့ယာဉ်မှာ Chevrolet Malibu အမျိုးအစား ကားဖြစ်ပြီး ယာဉ်တိုက်မှုအရှိန်ကြောင့် မီးပွိုင့်ရှိ ကား ၂ စီးအပြင် လမ်းဘေးရပ်ထားတဲ့ တက်စီ ၂ စီးကိုပါ ဆင့်တိုက်မိတာပါ။
ရန်ကုန်အခြေစိုက် ကယ်ဆယ်ရေးအသင်းတခုရဲ့ တာဝန်ခံက "တာမွေ ခုံးတံတားအောက် မြင်းပြိုင်ကွင်းလမ်းမပေါ်မှာပါ။ မီးပွိုင့်မှာ မာလီဘူးက အနောက်ကနေ ဝင်တိုက်တာ။ ဖီဒါကား တစီးကတော့ တော်တော်ပျက်စီးသွားတယ်။ တက်စီလည်း ၂ စီးပါတယ်။ ဒဏ်ရာရတာတော့ မာလီဘူးမောင်းတဲ့ တယောက်ပဲ လက်ထိသွားပါတယ် " လို့ ဆိုပါတယ်။
ယာဉ်တိုက်မှုကြောင့် မာလီဘူးယာဉ်မောင်း အမျိုးသား လက်ထိခိုက် မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပြီး ကား ၅ စီးအနက် ၃ စီးမှာ ရှေ့ဘက်ခြမ်းနဲ့ နောက်ပိုင်း ပျက်စီးမှုများကာ ကျန် ၂ စီးမှာ ထိခိုက်မှု နည်းတယ်လို့ သိရပါတယ်။