ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ အမှတ် ၃ ရပ်ကွက်၊ အုတ်ဖိုရွာ၊ ပါဝါဖက်ရှင် အထည်ချုပ်စက်ရုံရှေ့ အမှတ် ၄ လမ်းမပေါ်မှာ ဇွန် ၂ ရက် မနက်ပိုင်းက အနက်ရောင်ကြွပ်ကြွပ်အိတ်ထဲ လက်လုပ်ဗုံး ၂ လုံးကို ရှာတွေ့ခဲ့ပြီး စစ်တပ်က ဖောက်ခွဲခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
အဲဒီအိတ်ကို မနက် ၁၀ နာရီလောက်မှာ အနီးအနားနေသူတွေက ရှာတွေ့ခဲ့တာဖြစ်ပြီး အမှတ် ၃ ရပ်ကွက်ရုံးက စစ်ကောင်စီကို ဖုန်းဆက်အကြောင်းကြားခဲ့တာလို့ သိရပါတယ်။
အဆိုပါအိတ်ထဲမှာ 9V ဓာတ်ခဲ ၂ လုံး၊ ဆားကစ်ပြား ၂ ခုပါတဲ့ PVC ပိုက် လက်လုပ်ဗုံး ရှိနေတာဖြစ်တယ်လို့ သိရပါတယ်။
ရပ်ကွက်နေသူတဦးက " ပါဝါဖက်ရှင်စက်ရုံရှေ့ မျက်စောင်းထိုးလောက်မှာ တွေ့တာ၊ သစ်ပင် အောက်မှာ အိတ်အမည်းနဲ့ ထုပ်ထားတာ။ ကယ်ရီသမားတွေနဲ့ ရပ်ကွက်က လူတချို့က ဖြည်ကြည့်တော့ ကော်ရေပိုက်ချောင်း နှစ်ခုနဲ့ ဆားကစ်ပြားတွေ တွေ့တယ်၊ ခဏကြာတော့ သာဓုကန်ဘက်က စစ်သားတွေ လာသယ်ပြီး အဲဒီအနောက်လေးနားပဲ ဖောက်ခွဲလိုက်တာ " လို့ ဆိုပါတယ်။
ဗုံးတွေ့ရှိခဲ့ပြီး ရွှေပြည်သာမြို့နယ်၊ သာဓုကန်ရွာထိပ်နဲ့ ငါးမွေးမြူရေးဦးစီးဌာနဂိတ်တွေရဲ့ အမှတ် ၄ လမ်းမပေါ်မှာ စစ်တပ်က စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
ဇွန် ၂ ရက် ညပိုင်း ၈ နာရီ ၄၅ မိနစ်မှာပဲ ရန်ကုန်၊ ဒဂုံဆိပ်ကမ်းမြို့သစ်ရဲစခန်းမှာ ဗုံးပေါက်ကွဲမှု ၂ ကြိမ်နဲ့ သေနတ်ပစ်ခတ်မှုတွေ ဖြစ်ပေါ်ခဲ့ပါသေးတယ်။