ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်မှာ အပူချိန်မြင့်တက်ခဲ့တာကြောင့် အပူရှပ်ပြီး ဖျားနာ ခေါင်းမူးသူ ခေါင်းကိုက်တဲ့သူတွေ များပြားပြီး ဆေးကုသခံယူတာတွေ ရှိခဲ့တယ်လို့ အပူရှပ်ပြီး ပုဂ္ဂလိက ဆေးရုံတက်ရောက်ခဲ့သူ တဦးက ပြောပါတယ်။
"အပူရှပ်ပြီး ဆေးရုံရောက်သွားတာ။ အရမ်းပူတော့ ရေခဲရေတွေ သောက်မိရင်းက ဖြစ်တာ။ ဆေးရုံမှာ လူအရမ်းများတယ်။"
ကချင်ပြည်နယ်မှာ မေ ၃၁ ရက်က အပူချိန် ၄၁ ဒသမ ၈ ဒီဂရီစင်တင်ဂရိတ်ရောက်ခဲ့ပြီး ၄၄ နှစ်အတွင်း အမြင့်ဆုံးအပူချိန် ဖြစ်ခဲ့သလို ဇွန် ၁ ရက်မှာလည်း မြစ်ကြီးနားမြို့ မေလရဲ့ ပျမ်းမျှ အပူချိန်ထက်၈ ဒီဂရီ ကျော်လွန်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီရက်တွေက ဆေရုံတွေမှာ ကလေးတွေရော လူကြီးတွေရော ပြည့်ကြပ်နေပြီး လူသာမက တိရစ္ဆာန်တွေပါ ဆေးခန်းပြရတာပဲလို့ တိရစ္ဆာန်ဆေးခန်းကို သွားရောက်ပြသခဲ့ရတဲ့ ခွေးပိုင်ရှင် တဦးက ပြောပါတယ်။
၁၉၇၉ ခုနှစ် မေလက အမြင့်ဆုံးအပူချိန် ၄၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ် အထိရှိခဲ့တာမို့ ၄၁ ဒသမ ၈ ဒီဂရီစင်တီဂရိတ် ရောက်ခဲ့တဲ့ ဒီ ၂၀၂၃ မေလက ၄၄ နှစ်အတွင်း စံချိန်သစ်ကို ရောက်ရှိ ခဲ့တာလို့ ကချင်ပြည်နယ် မိုးလေဝသနဲ့ဇလဗေဒဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
အမြဲတမ်း ချမ်းနေခဲ့တဲ့ ပူတာအိုမြို့တောင် အမြင့်ဆုံးအပူချိန်က ၃၈ စင်တီဂရိတ်အထိ ရောက်ခဲ့တာ မို့ နာမကျန်းသူ သက်ကြီးရွယ်အိုတွေနဲ့ ကလေးသူငယ်တွေအပြင် လူငယ်တွေပါ အပူဒဏ်ကို ပြင်းပြင်း ထန်ထန်ခံစားခဲ့ရတာဖြစ်ပါတယ်။