မန္တလေးတိုင်း၊ မြင်းခြံမြို့အခြေစိုက် ခမရ ၁၅ တပ်ကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၇ ဦး သေဆုံးတယ်လို့ Natogyi People Defence Force မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်းက ထုတ်ပြန်ပါတယ်။
မေ ၃၁ ရက် နေ့လယ် ၁၂ ဝန်းကျင်က စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့ဟာ အန်အယ်လ်ဒီအစိုးရလက်ထက်က ပိတ်ထားတဲ့ မြင်းခြံ သံမဏိစက်ရုံကို ပြန်လည်ဖွင့်လှစ်ဖို့ လာရောက်စစ်ဆေးပြီး ခမရ ၁၅ တပ်ထဲကို ရောက်ရှိနေချိန် ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာလို့ နွားထိုးကြီး - PDF တာဝန်ရှိသူက ပြောပါတယ်။
“မင်းအောင်လှိုင် နဲ့ စိုးဝင်း ရောက်နေတဲ့ ခမရ ၁၅ တပ်ကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာပါ။ လွန်ခဲ့တဲ့ ၅ ရက်လောက်ကတည်းက စစ်ကားတွေနဲ့ မြင်းခြံမြို့ ပတ်လည်ရယ်၊ နွားထိုးကြီး-မြင်းခြံလမ်း၊ မြင်းခြံ-တောင်သာလမ်း၊ မြင်းခြံ-ပုဂံညောင်ဦးလမ်းတွေမှာ လုံခြုံရေးအပြည့်ယူတာ။ သူတို့က ရဟတ်ယာဉ် ၂ စင်းနဲ့လာပြီး ခမရ ၁၅ တပ်ထဲ ဆင်းတဲ့အချိန် တိုက်ခိုက်ခဲ့တာ။”
ဒရုန်းနဲ့ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၇ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေနဲ့ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
အဲဒီတိုက်ခိုက်ကို Natogyi People Defence Force မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်းနဲ့အတူ Myingyan District Drone Strike Team၊ မြင်းခြံခရိုင်တပ်ရင်းအမှတ် ၁၊ မြင်းခြံခရိုင်တပ်ရင်းအမှတ် ၃၊ မြင်းခြံခရိုင်တပ်ရင်းအမှတ် ၈ တို့ ပူးပေါင်းဆောင်ရွက် တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။