ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တပ်မဟာ-၃ ထိန်းချုပ်နယ်မြေ၊ ပဲခူးတိုင်း ညောင်လေးပင်ခရိုင် ကျောက်ကြီး မုန်းဒေသမှာ စစ်ကြောင်းထိုးမယ်လို့ စစ်ကောင်စီ သတင်းအရင်းမြစ်က သိရတဲ့အတွက် စစ်ရှောင်ဦးရေ ပိုတိုးလာခဲ့ပါတယ်။
နှစ်ဖက်တိုက်ပွဲမဖြစ်ပေမဲ့ စစ်ကောင်စီရဲ့ ဘီလူးစစ်ကြောင်းက စစ်ကြောင်းထိုးမယ်လို့ ကြိုသိပြီး စစ်ရှောင်တာလို့ ဒေသခံဆီက သိရပါတယ်။
KNLA တာဝန်ရှိသူတဦးက “ရန်မျိုးအောင်ဘက်က ရွာနှစ်ရွာ ထပ်တိုးပြီး နာမည်တော့ ပြောလို့မရသေးဘူး။ လက်ရှိ NUG က ပို့ပေးထားတာရှိပေမဲ့ လောက်ငမှုမရှိဘူး။ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ မိုးတွင်းကာလဆိုတော့ အမိုးအကာတွေလိုတယ်။ ပြည်တွင်း ပြည်ပ အလှူရှင်တွေ၊ မြေပြင်က ပရဟိတတွေဆီ တိုက်ရိုက်လှူဒါန်းပေးကြပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။
စစ်ကောင်စီတပ်က ရန်မျိုးအောင်ကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ ကျေးရွာထဲထိ စစ်ကြောင်းဝင်ရောက်ကာ ရွာသားတွေကို ဖမ်းဆီးတာတွေ လုပ်ဆောင်နေတာကြောင့် ကျောက်ကြီး မုန်းဒေသမှာ စစ်ဘေးရှောင်ဒုက္ခသည် အရေအတွက် ၁၈,၉၂၃ ဦးထိ ရှိလာပြီလို့ မြေပြင်ပရဟိတအဖွဲ့တွေထံက သိရပါတယ်။