ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ ထင်ထားခဲ့တဲ့ အရာတွေဟာ လက်တွေ့တကယ်ဖြစ်လာကြတဲ့အခါ ကိုယ်က မဖြစ်နိုင်တာတွေကို ဖြစ်နိုင်အောင် တကယ်လုပ်ပြတဲ့ဘက်က ရပ်တည်ရတာဟာ အင်မတန် အရသာရှိပါတယ်။
တနည်းအားဖြင့် ဘယ်လိုမှ ပြောင်းလဲလို့ မရပါဘူးကွာလို့ ယူဆနေကြတဲ့ စစ်တပ်ကြီးစိုး မင်းမူနေတဲ့ အခြေအနေ အခိုက်အတန့်၊ သက်သာမှုနယ်ပယ် ကျွန်ဇာတ်ထုပ်ထဲကနေ ဖောက်ထွက်ကြရတဲ့ အခါမျိုးမှာ ပိုပြီး စိန်ခေါ်မှုကြီးတာ တွေ့ရပါတယ်။
အဲဒီသက်သာမှုနယ်ပယ်က ဖောက်ထွက်ရတာဟာ အင်မတန် ရင်ခုန်စိတ်လှုပ်ရှားဖို့ ကောင်းပါတယ်။ ဘယ်လောက်ထိ ရင်ခုန်စိတ်လှုပ်ရှားရသလဲဆိုရင် တရွာကနေ တရွာ၊ တမြို့ကနေ တမြို့၊ တပြည်နယ်ကနေ တပြည်နယ် သွားလာလှုပ်ရှားတဲ့အခါတိုင်းပါပဲ။ ဉာဏ်ပညာကို လွှာသုံးရတယ်။ ပြောက်ကျားနည်းဗျူဟာကို သုံးရတယ်။ ပုံဖျက်၊ ရုပ်ဖျက် လုပ်ရတယ်။
တော်လှန်ရေးနဲ့ပတ်သက်တာ လုပ်လို့ရတာမှန်သမျှ အကုန်လုပ်နေရပေမဲ့လည်း ဘာမှ မလုပ်ဘိသကဲ့သို့ နေရပြန်တယ်။ အဲဒါ ရှင်သန်ရေး နည်းနာနိဿယတွေပဲ။
ကိုယ်ရဲ့ မဟာဗျူဟာ အရေးတော်ပုံ လုပ်ငန်းစဥ်တွေကို အထိခိုက်မခံရဘူး။ နည်းနာတွေ အစုံသုံးရတယ်။ အဲဒါမှ တော်လှန်ရေးကြီးပြီးရင် ပြည်သူနဲ့အတူ၊ ကိုယ့်ရဲဘော် ရဲဘက်တွေနဲ့အတူ အောင်ပွဲခံကြရမှာ ဖြစ်ပါတယ်။
မဖြစ်နိုင်တာကို ဖြစ်အောင်လုပ်နေကြတဲ့ ဖြစ်စဉ်ထဲမှာ ကိုယ်ပါနေရတာ ကျေနပ်စရာ ကောင်းပါတယ်။ ရှေးရိုးစွဲ အယူအဆ အဟောင်းတွေထဲက ဖောက်ထွက်ရတာဆိုတော့၊ တနည်းအားဖြင့် အာဏာရှင်စနစ် ကြီးစိုးနေတဲ့ အာရှတိုက်လို လူမှုအဖွဲ့အစည်းထဲက အဆိုးရွားဆုံး မြန်မာ့လူ့အဖွဲ့အစည်းထဲမှာ တော်လှန်ရေးသမားတွေဟာ ဇာတ်လိုက်ပါပဲ။ မင်းသမီးကတော့ အမေစုပါပဲ။ ဗီလိန်ကတော့ ထုံးစံအတိုင်း မအလ တို့ အာဏာရူးတသိုက်ပေါ့လေ။ ယခင်ကတော့ နေဝင်း၊ သန်းရွှေ။ ခေတ်တွေသာ ပြောင်းသွားတယ်။ ဇာတ်ထုပ်ကတော့ မပြောင်းသွားဘူး။ ဇာတ်ညွှန်းဟောင်းကြီးအတိုင်းပါပဲ။
နည်းလမ်းအစုံနဲ့ ပါဝင်အားဖြည့် ပါဝင်ကြပါ
ဝန်မပါ မပြီး၊ ဝန်ပါပြန်တော့ ပွဲစိတ်ညစ် ဆိုတဲ့အတိုင်းပါပဲ။ စစ်တပ်မပါ မပြီး၊ စစ်တပ်ပါပြန်တော့လည်း ပြည်သူတွေ စိတ်အညစ်ကြီး ညစ်ကြရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီတခါတော့ ပြည်သူကိုယ်တိုင် စစ်ထွက်တိုက်ပါပြီ။ ပြည်သူမပါတဲ့ စစ်ရေး ဘယ်တုန်းက အောင်မြင်ခဲ့လို့လဲ။ ပြည်သူတွေပါတဲ့ တော်လှန်ရေး မအောင်မြင်ဘူးဆိုတာကော ရှိလို့လား။ ပြည်သူဟာ နိုင်ငံတော်။ ပြည်သူဟာ အမိ၊ ပြည်သူဟာ အဖ။ ပြည်သူသည်သာ အခရာ။ ပြည်သူပါတဲ့ တော်လှန်ရေးက မဖြစ်နိုင်တာတွေကို ဖြစ်နိုင်ပါတယ်လို့ ကမ္ဘာကို သင်ရိုးသစ် ရေးထိုးပေးလိမ့်မယ်ဆိုတာ ယုံကြည်ကြဖို့ပါ။ မျှော်လင့်ကြဖို့ပါ။ အတူချီတက် တိုက်ပွဲဝင်ဖို့ပဲ လိုတာပါ။ နည်းနာအစုံနဲ့ ပါဝင်အားဖြည့်ဖို့ပဲ လိုတာပါ။
ဒီနေရာမှာ ကျနော် လေးလေးနက်နက် ပြောချင်တာ ရှိလာတယ်။ အဲဒါ ဘာလဲဆိုတော့ စစ်အေးကာလ ဒီမိုကရေစီ အသွင်ကူးပြောင်းဆဲကာလတုန်းက ကျနော်တို့ နိုင်ငံရေးလုပ်ခဲ့ကြတာရှိတယ်။ ဘယ်ကနေလဲဆိုတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က၊ အထူးသဖြင့် လူငယ်လုပ်ငန်းအဖွဲ့ ခေါင်းဆောင်ပိုင်းကပေါ့။ လူကြီးအလုပ်အမှုဆောင်တွေနဲ့ လက်တွဲလုပ်ရတာပါ။ စစ်တပ်ရဲ့ နိုင်ငံရေးနို့သက်ခံ ဘဝကနေ နိုင်ငံရေးလုပ်ခဲ့ကြရတာ။
အဲဒီကတည်းက အဲဒီအခြေအနေ၊ မတင်မကျ အခြေအနေကို မကြိုက်တာပါ။ ရှင်းရှင်းပြောရရင် ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရဲ့ ဒီမိုကရေစီ ဖက်ဒရယ် အတုအယောင် သဏ္ဌာန်ဆောင် ချေးဆော်နံ စာအုပ်အစိမ်းကြီးကို လုံးဝမကြိုက်ပါ။ ဒါပေမဲ့လည်း မချစ်သော်လည်း အောင့်ကာနမ်း ဆိုသလို အဲဒီအောက်က သွားနေရတာ၊ နိုင်ငံရေးလုပ်နေခဲ့ရတာ။
ပြင်ဝင်နဲ့ ဝင်ပြင်
ဘဘ ဟံသာဝတီ ဦးဝင်းတင်ရဲ့ ပြင်ဝင် (အခြေခံဥပဒေပြင်ပြီးမှ ရွေးကောက်ပွဲ ဝင်ပြိုင်မည့် နည်းလမ်း) အဂ္ဂမဟာဗျူဟာကို ကြိုက်ခဲ့တာ။ ဘဘရဲ့ အမြင်ကျယ်မှုကို ရိပ်စားမိခဲ့တာ။ သတင်းစာဆရာ ပီသတဲ့ နိုင်ငံပြုသုခမိန်ပါပဲ။ ဒါဆို ဘာဖြစ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဝင်ပြင် (ရွေးကောက်ပွဲ ဝင်ပြိုင်ပြီးမှ အခြေခံဥပဒေကို ပြင်လို့ရသလောက် ပြင်မည့် နည်းလမ်း) မဟာဗျူဟာလမ်းစဉ်နောက်က ထောက်ခံ (လက်ထောင်ခဲ့တဲ့အထဲ ကျနော်တို့ပါခဲ့တယ်၊ ရိုရိုးသားသား ဝန်ခံတာပါ) ခဲ့တာလဲလို့ မေးရင် ကျနော်တို့က အမေစုကိုကြည့်ပြီး နိုင်ငံရေးခရီး လျှောက်လှမ်းခဲ့ရတာ၊ ကိုမင်းကိုနိုင် (ဦးပေါ်တို့ကြည့်ပြီး လမ်းလျှောက်ကြရတာပါ)။
သူတို့က ကျနော်တို့ လူငယ်နိုင်ငံရေးလုပ်သူများအပေါ် အတော် သြဇာကြီးပြီး လွှမ်းမိုးပါတယ်။ ဒါ့ကြောင့် သူတို့နောက်က လိုက်ခဲ့တာပါ။ အမေစုတို့ ဦးပေါ်တို့လို ခေါင်းဆောင်နောက်ကို လိုက်ခဲ့တာ မှားခဲ့သလားဆိုရင် သွေးထွက်အောင် မှန်ခဲ့တယ်လို့ပဲ ဆိုပါရစေ။ ကျနော်တို့လို အညာကျေးလက်တောရွာက လူငယ်လေးတယောက်ကို လူရာဝင် လူစင်မီစေခဲ့တာ၊ ပြည်သူကြားမှာ ရဲရဲရင့်ရင့် နိုင်ငံအရေးတွေ လုပ်နိုင်ခဲ့တာ၊ ခေတ်ပြောင်းတော်လှန်ရေးမှာ ယခုထိ ယုံကြည်ချက်ခိုင်မာစွာ ပါဝင်နေခြင်းဟာ သူတို့ကျေးဇူးတွေပါ။ သူတို့က ကျနော်ရဲ့ အဓိက သက်ရှိစာအုပ်တွေပါပဲ။
တော်လှန်ရေးမှာ ကံမကုန်လို့ ပြန်ဆုံဖြစ်ကြတဲ့အခါ မဖြစ်နိုင်တာတွေ ဖြစ်အောင် လုပ်ပြခဲ့တဲ့ ပြည်သူ့ဘက်တော်သားတွေနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တိုင်းပြည်မှာ လူ့ဂုဏ်သိက္ခာအပြည့်နဲ့ ရှင်သန်ရမည့် ရက်တွေကို ရင်ခုန်စိတ်လှုပ်ရှားပါတယ်။ တော်လှန်ရေးလုပ်တယ်ဆိုတာ စနစ်ဟောင်းကို ဖြိုဖျက်ပစ်ရတာဖြစ်သလို အဲဒီစနစ်ဟောင်းရဲ့ နေရာမှာ စနစ်သစ်နဲ့ အစားထိုး ပြောင်းလဲပစ်ရတာ။ လူသစ်၊ စိတ်သစ်၊ စနစ်သစ်နဲ့ ရှေ့ဆက်သွားကြရမှာ၊ ဘယ်လောက် စိတ်လှုပ်ရှားစရာ ကောင်းလိုက်သလဲ။ လူငယ်ဖြစ်စေ၊ လူလတ်ဖြစ်စေ၊ လူကြီးဖြစ်စေ၊ အိုဗျာ ကုန်ကုန်ပြောရရင် သေခါနီးလူတွေတောင် တော်လှန်ရေးမှာ ပါဝင်ဆင်နွှဲသင့်တယ်။ လွတ်လပ်မှုနဲ့ လူ့အခွင့်အရေးက လူသားတယောက်အတွက် မရှိမဖြစ်မို့ မရရအောင် ကိုယ်တိုင်ပါဝင်ပြီး တိုက်ယူသင့်ကြတယ်လေ။
တော်လှန်ရေးလုပ်တာ အနစ်နာခံခြင်း ဟုတ်၊ မဟုတ်
တော်လှန်ရေးမှာ ပါဝင်တာ အနစ်နာခံတာ မဟုတ်ဘူးလို့ ကျနော့်ဆောင်းပါးတွေမှာ ခဏခဏ ကျနော် ထည့်ပြောဖြစ်တယ်။ အဲဒါ ဘာကြောင့်လဲဆိုတော့ အနစ်နာခံတယ်တို့၊ ပေးဆပ်တယ်တို့လို့ အဲဒီလို ယူဆတဲ့အခါ တချိန်ကျရင် ငါက အနစ်နာခံခဲ့ရတာဆိုပြီး အခွင့်ထူးခံတာတွေ၊ အကြွေးတောင်းသလို ပြန်တောင်းနိုင်လို့ တခါတည်း သားကြောဖြတ်ထားခိုင်းတာပါ။ ဒီလိုယူဆပြီး တော်လှန်ရေးမှာ ပါဝင်စေချင်တာပါ။ ကိုယ့်အခွင့်အရေး ကိုယ်ပြန်ရအောင် တိုက်ယူတာ၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ကို ကိုယ့်ဘာသာကိုယ် တော်လှန်ရေးလုပ်တာ။ ကိုယ်လိုချင်တဲ့ စနစ်တခုကို ကိုယ်တိုင် ဖန်တီးယူတာ။
ကျနော်တို့ ကံအာလျော်စွာ ကျနော်တို့လိုချင်တဲ့ စနစ်ကို တည်ဆောက်ခွင့် အခွင့်အရေးကြီးက လက်တကမ်းမှာ ရှိနေခြင်းပါပဲ။ ပြီးတော့ ကံကောင်းထောက်မစွာနဲ့ ကိုယ် ဘယ်အခန်းကဏ္ဍကနေ ပါဝင်ချင်သလဲ၊ ပါလို့ရတယ်။ အသက်နဲ့ရင်းပြီး ပါဝင်ဆင်နွှဲမလား၊ ပစ္စည်းဥစ္စာရင်းပြီး ပါဝင်ဆင်နွှဲမလား၊ ဉာဏ်ပညာရင်းပြီး ပါဝင်ဆင်နွှဲမလား၊ ကုန်ကုန်ပြောမယ်ဗျာ ကိုယ်က ထမင်းချက် ဟင်းချက်ပဲ တတ်ရင်တောင် ပါဝင်ဆင်နွှဲလို့ ရတယ်။
ဒီနေရာမှာ တော်လှန်ရေးထဲပါတာ ကိုယ်ကျိုးစွန့် အနစ်နာခံပြီး လုပ်နေတာပါလို့ မတွေးစေချင်ဘူး။ ကိုယ့်ဘဝနဲ့အမျှ ရင်နှီးမြှုပ်နှံနေတာလို့ မြင်စေချင်တယ်။ သက်လုံကောင်းဖို့တော့ လိုပါတယ်။ နောက်ဆုံး လူကျန်စေဦး မြတ်ပါတယ်။ ယဥ်ယဥ်ကျေးကျေးလေးနဲ့ စစ်တပ်ရဲ့ ကျွန်ခံပြီး အသက်ရှင်ရတာထက် တောထဲမှာနေပြီး ရိုင်းရိုင်းစိုင်းစိုင်း လွတ်လပ်တဲ့ဘဝက ပိုမြတ်ပါတယ်။ တရက် တမနက်ပဲ ရှင်သန်ရ ရှင်သန်ရ ဘဝက နေပျော်ပါတယ်။ နောက်ဆုံးမှာ တရားတဲ့ပြည်သူဘက်ကသာ နိုင်မှာပါ။ မြေကြီး လက်ခတ် မလွဲပါပဲ ဆိုတာ ယုံကြည်မျှော်လင့်ထားစေချင်ပါတယ်။
စစ်ကျွန်ဘဝနဲ့ လူစင်မမီဘဝ
ကိုယ့်မျှော်လင့်ချက်တွေကို အကောင်အထည်ဖော်ကြတဲ့အခါ ပင်ပန်းမယ်ဆိုတာ ကြိုတွေးထားကြဖို့လိုမယ်။ အင်မတန်လည်း တာဝန်ကြီးပါတယ်။ ဘာလိုပဲဖြစ်ဖြစ် ကျနော်တို့က တာဝန်ကို မကြောက်သင့်ပါဘူး။ တာဝန်မကျေမှာကိုပဲ ကြောက်သင့်ပါတယ်။ ဒီစစ်အာဏာရှင်စနစ် တော်လှန်ရေးဟာ ကျနော်တို့မျိုးဆက်က နောက်ဆုံးဖြစ်ပါစေ။
ကျနော်တို့က ဒီတာဝန်မကျေခဲ့ဘူးဆိုရင် ခေတ်အဆက်ဆက် မျိုးဆက်တွေက စစ်ကျွန်ဘဝနဲ့ လူစင်မမီဘဝနဲ့ ကမ္ဘာ့အလယ်မှာ မျက်နှာငယ်စွာဖြင့် စခန်းသွားကြရဦးမယ်ဆိုတာ သတိချပ်ကြစေချင်ပါတယ်။ ပရဟိတမင်းသားကြီး ဦးကျော်သူ စကားနဲ့ နိးဂုံးချုပ်ရရင် “ကိုယ့်သမိုင်း ကိုယ်ရေး၊ ကိုယ့်တာဝန် ကိုယ်ကျေ၊ ကိုယ့်လမ်း ကိုယ်လျှောက်” ကြရမှာပါ။
ဒီနွေဦးတော်လှန်ရေးခရီးက ကျနော်တို့ခရီးလမ်း၊ ကျနော်တို့ အဆုံးထိလျှောက်ကြရမယ်။ ဒီနွေဦးတော်လှန်ရေးတာဝန်က ကျနော်တို့တာဝန်၊ ကျနော်တို့ အချင်းချင်း ကူထမ်းကြရမယ်။ ဒီနွေဦးတော်လှန်ရေးသမိုင်းက ကျနော်တို့ တိုင်းရင်းသား ပြည်သူ ညီအစ်ကိုမောင်နှမတွေ အတူတကွ ရေးကြရမယ့် သမိုင်းသစ်။ အဲဒီသမိုင်းသစ်က ကျနော်တို့လိုချင်တဲ့ “ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်သစ်” ဖြစ်ကိုဖြစ်ရမယ်လို့ ယုံကြည်ချက်နဲ့ ခရီးဆက်ကြရအောင်ပါ တော်လှန်သူအပေါင်းတို့...။
အရေးတော်ပုံ မုချအောင်ရမည်။
ချစ်မင်းနွဲ့ကြည်