ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်ရှိ မိုးဗြဲအနောက်ဘက်ခြမ်း ကယန်းပြည်သစ်ပါတီရဲ့ လုံခြုံရေးဂိတ်၊ လွယ်လုံ၊ စက်တော်ရာ၊ မြေနီကုန်းစတဲ့နေရာ ၅ နေရာကို စစ်တပ်က ဇွန် ၁ ရက်မနက် ၄ နာရီလောက်မှာ လေကြောင်းကနေ ဗုံးကြဲခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဗုံးကြဲ တိုက်ခိုက်ခံရတဲ့နေရာ ၅ ခုလုံးမှာရှိတဲ့ အဆောက်အအုံတွေ၊ နေအိမ်တွေနဲ့ တိရိစ္ဆာန်တွေ သေကျေ ပျက်စီးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၃ ယောက် ရှိတယ်လို့ သိရပြီး အသေးစိတ်ကိုတော့ မသိရသေးပါဘူး။
မိုးဗြဲ ဒေသခံ တဦးက "အဆောက်အအုံ ပျက်စီးမှုကတော့ ကြီးတယ်။ ကယန်းပြည်သစ်ဂိတ် တခုပါတယ်။ စစ်မြေပြင်နဲ့ ဆက်စပ်တဲ့နေရာတွေလိုက်ကြဲတယ်။ တိရိစ္ဆာန်တွေ သေဆုံးကုန်တာတော့ ရှိတယ်။"
ကယန်းပြည်သစ်ပါတီက အာဏာသိမ်းပြီးချိန်ကစလို့ ကြားနေအနေနဲ့ပဲ ပြည်သူနဲ့ စစ်ဘေးရှောင် တွေအတွက် ကူညီပေးနေတဲ့ အဖွဲ့အစည်း တခုဖြစ်ပြီး ပြီးခဲ့တဲ့လက စစ်ကောင်စီတပ်က ကယန်းပြည်သစ်ပါတီပိုင် ဆောင်းဖွေးဆေးရုံနဲ့ စစ်ဘေးရှောင်တွေရှိရာ နေရာကိုလည်း ဗုံးကြဲ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
မေလအတွင်း မိုးဗြဲမြို့နယ်ထဲကို စစ်ကောင်စီရဲ့ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ပြည်သူ ၃ ဦး သေဆုံးခဲ့ရပြီး နေအိမ်တွေလည်း ၁၀ လုံးထပ် မနည်း ပျက်စီးခဲ့ရတယ်လို့ ဒေသခံ တွေက ပြောပါတယ်။
ရှမ်း-ကယားနယ်စပ်ရှိ ဖယ်ခုံမြို့မှာလည်း စစ်တပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ကြား ၁၁ ရက်အကြာ တိုက်ပွဲဖြစ်ပွားအတွင်း စစ်တပ်က ၁၉ ဦး သေဆုံးကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်း ရမိခဲ့တယ် လို့ အလယ်ပိုင်းတိုင်း ဒီးမော့ဆို အမှတ် ၁၁၀၂ တပ်ရင်းက ထုတ်ပြန်ပါတယ်။
မေ ၂၀ ရက်မှာ ဖယ်ခုံမြို့၊ ခေါင်အိကျေးရွာနဲ့ လတူးရွာကြားတွင် တိုက်ပွဲ ဖြစ်ပွားပြီး မေ ၂၁ ရက်မှာ နယ်မြေရှင်းလင်းရေး လုပ်ခဲ့ရာ စစ်တပ်ရဲ့ ကင်းထောက်ဒရုန်း ၁ စင်းနဲ့ ကျည်ဆန်တချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မေ ၂၂ ရက်မှာ လွယ်လုံရွာမှာ တရက်ထဲ တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားခဲ့ပြီး တိုက်ပွဲတွင်း စစ်ကောင်စီတပ်ဘက်မှ ၁၂ ယောက် သေဆုံးခဲ့သလို မေ ၂၃ ရက် ညနေ ၃ နာရီခွဲမှာ စက်တော်ရွာနဲ့ ခေါင်အိရွာကြားမှာ တိုက်ပွဲ ထပ်မံ ဖြစ်ပွားခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်က ၂ ယောက် ထိခိုက် ဒဏ်ရာ ရရှိပြီး စစ်တပ်က ထိခိုက်သေဆုံးတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် မေ ၃၀ နဲ့ ၃၁ ရက်မှာ စက်တော်ရွာတွင် တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားပြီး စစ်တပ်က ၅ ယောက် ထက်မနည်း သေဆုံးကာ ကာကွယ်တပ်ဖွဲ့က ၃ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒီးမောဆို ၁၁၀၂ တပ်ရင်းက ပြောထားပါတယ်။
ဖယ်ခုံမြို့ဘက်ကို စစ်တပ်က စစ်ကြောင်းထိုးနေတာကြောင့် တိုက်ပွဲတွေ နေ့စဉ်နီးပွားဖြစ်ပွားနေပြီး လေကြောင်း တိုက်ခိုက်နေလို့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာနိုင် တာကြောင့် ဒေသခံတွေအနေနဲ့ တိုက်ပွဲဖြစ်ပွားရာနေရာကို သတိထား သွားလာကြဖို့ ကာကွယ်ရေး တပ်ဖွဲ့ဝင် တဦးက ပြောပါတယ်။
အဲဒီတိုက်ပွဲတွေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ အလယ်ပိုင်းတိုင်း ၁၁၀၁ တပ်ရင်း၊ ၁၁၀၂ တပ်ရင်း၊ ၁၁၀၆ တပ်ရင်း၊ ၁၁၀၇ တပ်ရင်း နဲ့ မိုးဗြဲ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၊ ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းကာ စစ်တပ်ကို ခုခံတိုက်ခိုက်နေတာ ဖြစ်ပါတယ်။