စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်၊ ရွာသစ်ကျေးရွာကို ဇွန် ၁ ရက်မှာ စစ်တပ်က ဒုတိယအကြိမ် မီးရှို့ခဲ့တာကြောင့် ဒေသခံထောင်ချီ ထွက်ပြေးနေရပါတယ်။
စစ်တပ်က ရွာသစ်ကျေးရွာခံ အမျိုးသား တယောက်ကို ဖမ်းဆီးထားပြီး မီးရှို့ခံရတာနဲ့ ပတ်သတ်ပြီး ပျက်စီးမှု အခြေနေကိုတော့ မသိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ မနေ့ မနက်အစောပိုင်းက လက်နက်ကြီး/ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်ပြီး ဒေသခံ အမျိုးသားကို ဖမ်းဆီးခဲ့သလို ကျေးရွာက နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာပါ။
စစ်ကြောင်းအခြေအနေကြောင့် ရွာသစ်ကျေးရွာအပါအဝင် မူးသာကျေးရွာ၊ သက်ပေးကျေးရွာတွေက ဒေသခံ ၃၀၀၀ ကျော်ဟာ ထွက်ပြေးတိမ်းရှောင်နေရပြီး အကူအညီတွေ လိုအပ်နေတယ်လို့ ခင်ဦးမြို့နယ်ပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။
ဧရာဝတီမြစ်ကြောင်းအတွင်း ရေယာဉ်တွေ အမြဲ ချောင်းမြောင်း ပစ်ခတ်ခံရလေ့ရှိတဲ့ စစ်ကိုင်းတိုင်း၊ ထီးချိုင်နဲ့ ကသာမြို့နယ်အစပ်မှာ မေ ၃၁ ရက်က မြစ်အတွင်း သွားလာတဲ့ စစ်ရေယာဉ်က လက်နက်ကြီးနဲ့ ပစ်ခဲ့တာကြောင့် ကမ်းနား ရွာ ၁၀ ရွာက ဒေသခံတွေ ထွက်ပြေးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုလိုပစ်ခတ်တာကြောင့် ထွက်ပြေးတိမ်းရှောင်နေတဲ့ကြားက အသက် ၃၆ နှစ်ရှီ အမျိုးသမီး တယေက် ပြင်းထန် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ဒေသခံတဦးက "ထီးချိုင့်ကနေ ကသာဘက်ကို လက်တွဲခွံ သုံးစီးနဲ့ ဆန်တက်လာတယ်။ ဆန်တက်လာတဲ့ မြစ်ကြောင်းတလျှောက် ကမ်းစပ်က ရွာတွေကို လက်နက်ကြီးနဲ့ ပစ်သွားတယ်။ လက်နက်ကြီး ထိမှာစိုးလို့ ထွက်ပြေးတိမ်းရှောင်နေရတာ။ အမျိုးသမီးတဦးတော့ လက်နက်ကြီး ကျည်မှန်ပြီး လက်နှစ်ဘက် ဖြတ်လိုက်ရတယ်" လို့ ပြောပါတယ်။
သံပရာ၊ ညောင်ခြေထောက်၊ အင်းတမွတ်၊ နတ်အင်း၊ ကျောက်မှော်၊ ဝဲကြီး၊ ကမ်းနီ၊ ရေကန်၊ ကိုးတဲ မြတောင်စတဲ့ရွာတွေက ဒေသခံတွေဟာ စစ်တပ် လက်နက်ကြီးကြီးကြောင့် ဘေးလွတ်ရာ တိမ်းရှောင်နေကြရတာပါ။