ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ မူဆယ်-လားရှိုး မြို့ရှောင်လမ်း၊ ပြည်ထောင်စုလမ်းမကြီး၊ မိုင်တိုင်အမှတ် ၁၁/၁ ဖာလုံမှာ ဇွန် ၁ ရက် မနက်က ဆီဘောက်ဆာကားနဲ့ ဟိုက်ဂျက် တိုက်မိပြီး လူ ၁ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ လားရှိုးလူငယ်များ ကယ်ဆယ်ရေးအသင်းက ပြောပါတယ်။
မူဆယ်မြို့ဘက်က မောင်းနှင်လာတဲ့ ဆီဘောက်ဆာယာဉ်နဲ့ လားရှိုးမြို့က မောင်းလာတဲ့ အမျိုးသား ၄ ဦးပါ ဟိုက်ဂျက်ကားတို့ မနက် ၁၀ နာရီခွဲလောက်က လမ်းမှာ မျက်နှာချင်းဆိုင် တိုက်မိကြတာပါ။
လားရှိုးလူငယ်များကယ်ဆယ်ရေးအသင်း တာဝန်ခံတဦးက “ဒဏ်ရာရတဲ့သူတွေက ဟိုက်ဂျက်ပေါ်ကပါ။ လူနာ ၄ ယောက်မှာ ၁ ယောက်ကတော့ လက်ရှိ ဆုံးသွားပါပြီ။ သေဆုံးတဲ့သူက အသက် ၄၀ လောက်ပါ။ ကျန်တာကတော့ လူငယ်ပိုင်းတွေ။ ဆီဘောက်ဆာက မူဆယ်ဘက်ကနေ လာတာ” လို့ ပြောပါတယ်။
ယာဉ်တိုက်မှုကြောင့် ဆီဘောက်ဆာယာဉ်နဲ့ ဟိုက်ဂျက်ကားတွေရဲ့ ခေါင်းခြမ်း ပျက်စီးသွားပြီး ဟိုက်ဂျက်ပေါ်ပါ အမျိုးသား ၄ ဦးအနက် ၂ ဦးမှာ စိုးရိမ်ရဒဏ်ရာ၊ ၂ ဦးမှာ အရိုးထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ယာဉ်တိုက်မှုနေရာကို လားရှိုးမြို့ အရပ်ဘက်ကယ်ဆယ်ရေးအသင်းတွေနဲ့ လားရှိုး ၁၂၃ ယာဉ်ထိန်းတပ်ဖွဲ့က ကူညီကယ်ဆယ်ခဲ့ကြတယ်လို့ သိရပြီး ဒဏ်ရာရရှိသူတွေကို လားရှိုးမြို့နယ် ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ခဲ့ပါတယ်။
စိုးရိမ်ရလူနာ ၂ ဦးအနက် အသက် ၄၀ ခန့် အမျိုးသား ၁ ဦး ဆေးရုံအရောက်မှာ သေဆုံးသွားပြီး ယာဉ်တိုက်မှုဖြစ်စဉ်ကို လားရှိုးရဲစခန်းက စစ်ဆေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။