Home
မြန်မာသတင်း
ပုလောမြို့နယ် ကျောင်းနိမ့်ကျေးရွာကို စစ်တပ်က ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်
DVB
·
June 1, 2023
350926985_907562920330437_1800504412128585349_n

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကျောင်းနိမ့်ကျေးရွာကို မေ ၃၁ ရက် မနက် ၉ နာရီလောက်မှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးသီးလာချခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဒေသခံတဦးက “လာကျတာကတော့ အအေးတွေ၊ အသုပ်တွေ ရောင်းနေတဲ့ဆိုင်ပါ။ လာချတဲ့အချိန် ဆိုင်ကမဖွင့်သေးတော့ လူအထိအခိုက်မရှိဘူး။ စခဘက်က ဗုံးသီး ၆ လုံး လာချတာပါ။ ဗုံးသီးတွေက လမ်းပေါ်ကျတာဆိုတော့ နေအိမ်တွေ အထိအခိုက်မရှိပါဘူး” လို့ ပြောပါတယ်။

မြိတ်ခရိုင် တပ်ရင်း-၁ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက “တိုက်ပွဲအတွင်းမဟုတ်သလို စစ်ရေးပစ်မှတ်မဟုတ်တဲ့ နေရာကို အခုလိုမျိုး တိုက်ခိုက်တာကတော့ သူတို့ကိုယ်သူတို့ တပ်မတော်လို့ ခေါ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ စည်းကမ်းမဲ့မှုကို အတိုင်းသား မြင်ရတဲ့ လုပ်ရပ်ပါပဲ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ပုလောမြို့နယ်ဟာ စစ်အုပ်ချုပ်ရေး ကြေညာခံထားရပြီး စစ်ကောင်စီတပ်သားတွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားတဲ့ဒေသလည်း ဖြစ်တာမို့ ဒေသခံ ပြည်သူတွေအနေနဲ့ စစ်ရေးသတိနဲ့ လုံခြုံရေးသတိရှိဖို့ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ကနေ သတိပေး ထုတ်ပြန်ထားပါသေးတယ်။

ပုလောမြို့နယ်၊ နန်းပရုတ်ကျေးရွာမှာလည်း မေ ၃၁ ရက် မနက် ၁၁ နာရီလောက်က စစ်ကောင်စီတပ်သားတွေ နေအိမ်တလုံးကို မီးရှို့ဖျက်ဆီးပြီး ဆိုင်ကယ်နှစ်စီးကို ယူဆောင်သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ပြီးခဲ့တဲ့ မေ ၃၀ ရက် ညနေ ၃ နာရီမှာ စစ်ကောင်စီတပ်သားတွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ နန်းပရုတ်ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားတယ်လို့လည်း သိရပါတယ်။

မြိတ်ခရိုင်တပ်ရင်း-၁ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက “ကျူးလွန်သွားတဲ့တပ်က မြားသုံးခေါင်းကို ကြက်ခြေခတ်ထားတဲ့တံဆိပ် တပ်ဆင်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီတံဆိပ်ဟာ တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်း တံဆိပ်ပါ။ ပလောက်မှာ အမှတ် ၁၂ တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်းရှိတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မေ ၂၄ ရက်ကလည်း ပုလောမြို့နယ်၊ ပလောက်မြို့အခြေစိုက် စစ်ကောင်စီရဲ့ တန်းမြင့် စစ်အခြေခံသင်တန်းကျောင်းက ထွက်လာတဲ့ စစ်ကား ၂ စီးကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက နန်းပရုတ်ကျေးရွာအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024