တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်၊ စောမိညိုဘုန်းကြီးကျောင်းလမ်းဆုံ အနီးမှာ မေ ၃၀ ရက် ညက ခွေးအစာလာကျွေးတဲ့ အမျိုးသား ၂ ဦးဟာ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ တွေ့ပြီး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
သေနတ်နဲ့ပစ်သတ်ခံရတဲ့ အမျိုးသား ၂ ဦးဟာ ထားဝယ်မြို့ ဇရစ်ရပ်ကွက်က ကိုဟိန်းဇော်အောင်နဲ့ ဆန်းချီရပ်ကွက်က ကိုအောင်အောင်တို့ ဖြစ်ပါတယ်။
ကိုဟိန်းဇော်အောင် မိသားစုနဲ့နီးစပ်တဲ့ မြို့ခံတဦးက “ကိုဟိန်းဇော်အောင်က အရင်ကလည်း ခွေးအစာသွားကျွေးနေတာပဲ။ တယောက်တည်း သွားတာ များတာပေါ့။ အဲဒီနေ့ကတော့ ကိုအောင်အောင်နဲ့ သွားတယ်။ ခွေးစာကျွေးနေတုန်း စစ်တပ်နဲ့တွေ့တော့ မမေးမစမ်းဘဲ ပစ်သတ်ခံရလိုက်တယ်။ အဲဒီရပ်ကွက်တွေက ပြောပြတာတော့ သေနတ်သံ အချက် ၁၀၀ လောက် ကြားရတယ်” လို့ ပြောပါတယ်။
အပစ်ခံရပြီးနောက် သေဆုံးသူရဲ့ အလောင်းတွေကို မြို့ခံလူမှုကူညီကယ်ဆယ်ရေး အသင်းတခုရဲ့ ကားနဲ့ ထားဝယ်ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
အလောင်းသွားကောက်ပေးခဲ့တဲ့ ပရဟိတအဖွဲ့ တာဝန်ရှိသူက “ကျနော်တို့ရောက်တဲ့အချိန် ဆိုင်ကယ်တစီးက မီးလောင်ပြီးလို့ ပြာကျနေပြီ၊ အငွေ့ထွက်နေတယ်။ ဆိုင်ကယ်ခေါင်းရင်းမှာက ကျည်ဒဏ်ရာနဲ့ အလောင်းတလောင်း၊ လမ်းဘေးတဖက်မှာ အလောင်းတလောင်း စုစုပေါင်း ၂ လောင်း၊ ဆေးရုံကြီးကို ပို့ပေးခဲ့ရတယ်” လို့ ပြောပါတယ်။
အလောင်းတွေကိုတော့ မေ ၃၁ ရက်မှာ မိသားစုတွေက ထားဝယ်ဆေးရုံကြီး ရင်ခွဲရုံမှာ ထုတ်ယူခဲ့ရပြီး ဈာပနကို ဇွန် ၁ ရက်နေ့မှာ ဇဟာဘာသာပေါင်းစုံသုသာန်မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။