ရှမ်း-ကယားနယ်စပ်၊ မိုးဗြဲမြို့ အနောက်ဘက်ရှိ ကယန်းပြည်သစ်ပါတီ KNLP တပ်တွေ အထိုင်ချထားတဲ့ လုံခြုံရေးဂိတ်တခုကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ MBPDF က ထုတ်ပြန်ပါတယ်။
ဇွန် ၁ ရက် ဒီမနက် ၄ နာရီလောက်က မိုးဗြဲ-ပီကင်းသွား လမ်းမကြီးပေါ်မှာရှိတဲ့ ကယန်းပြည်သစ်ဂိတ်တခု အပါအဝင် ဖယ်ခုံ-ပင်လောင်းနယ်စပ်ရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်က လေယာဉ် ၅ စီးနဲ့ ၂ ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကယန်းပြည်သစ်လုံခြုံရေးဂိတ်တခု ပျက်စီးသွားတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦးက ပြောပါတယ်။
ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “မနက်အစောကြီး လေယာဉ် ၅ စီးလောက်နဲ့ ဗုံးလာကြဲသွားတာ။ ကယန်းပြည်သစ်လုံခြုံရေးဂိတ်တခု ပျက်စီးသွားတယ်လို့ ကြားတယ်။ လူထိတာတော့ မသိရသေးဘူးဗျ။ တိုက်ပွဲက ပင်လောင်းနဲ့ ဖယ်ခုံအစပ်မှာ ဖြစ်နေတာ၊ စစ်တပ်က ခြေလျင်စစ်ကြောင်းနဲ့ မနိုင်ရင် လေကြောင်းသုံးပြီး တိုက်ခိုက်တာ ထုံးစံလိုဖြစ်နေပါပြီ။ ရှမ်း-ကယားနယ်စပ်နဲ့ ကရင်နီဘက်က ပြည်သူတွေကို ဗုံးခိုကျင်းတွေ တူးစေချင်တယ်။ လေကြောင်းကာကွယ်ရေးအတွက် သတိထား ပြင်ဆင်စေချင်တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
ဒါ့အပြင် မနက် ၁၀ နာရီကလည်း ကရင်နီနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းမှာ စစ်ကောင်စီတပ်က လေယာဥ် ၉ စီး တပြိုင်နက် စစ်ရေးဟန်ပြ ဖြတ်သန်းသွားတယ်လို့ မိုးဗြဲ-PDF က ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ မေ ၂၉ ရက်ကလည်း မိုးဗြဲမြို့မှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီတပ် ခမရ ၄၂၂ က တာဝေးပစ်လက်နက်ကြီးနဲ့ အကြိမ် ၂၀ ထက်မနည်း ပစ်ခတ်ခဲ့တာကြောင့် အသက် ၁၁ နှစ်အရွယ် မိန်းကလေး ၁ ဦး သေဆုံးပြီး အပြစ်မဲ့ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။