ရန်ကုန်မြို့တွင်းနဲ့ မြို့ပြင်တွေကို ပြေးဆွဲနေတဲ့ အငှားယာဉ်မောင်းတွေကို ပစ်မှတ်ထားပြီး လုယက်သတ်ဖြတ်မှုတွေ မကြာခဏ ဖြစ်ပွားနေတယ်လို့ ရန်ကုန်မြို့က အငှားယာဉ်မောင်းတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ မေ ၂၆ ရက်ကလည်း ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်က ဇေကမ္ဘာဝင်းအတွင်းမှာ အသက် ၃၈ နှစ်ဝန်းကျင်ခန့် တက္ကစီယာဉ်မောင်း အမျိုးသားတဦး ရေမြောင်းထဲမှာ ထိုးသွင်းဒဏ်ရာတချက်နဲ့ သေဆုံးခဲ့ပါတယ်။
ရန်ကုန်မြို့မှ အငှားယာဉ်မောင်းတဦးက “တက္ကစီလုတာ အဖွဲ့အစည်းရှိမယ်။ ကား without သို့ ကားဖျက်တဲ့လူတွေနဲ့ အဆက်အသွယ်ရှိသူ ဒါမှမဟုတ် သူတို့ကိုယ်တိုင်ပဲ ဖြစ်ဖို့များတယ်။ ဘာလို့လဲဆိုရင် ကားအပိုပစ္စည်းရောင်းဝယ်သူ မပါရင် ဒါမျိုးတွေ မဖြစ်နိုင်ဘူး” လို့ ပြောပါတယ်။
သင်္ကြန်မတိုင်ခင်နဲ့ သင်္ကြန်ကာလမှာ ယာဉ်မောင်း ၂ ဦး၊ ပြီးခဲ့တဲ့အပတ်က ၁ ဦးနဲ့ ဒီနှစ်ထဲမှာ တက္ကစီယာဉ်မောင်း ၅ ဦးဝန်းကျင်ဟာ လုယက်တိုက်ခိုက်ခံရပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အခုလို ရန်ကုန်မြို့မှာ ပြေးဆွဲနေတဲ့ တက္ကစီတွေကို လုယက်မှုတွေ ကြုံနေရတာဟာ စုံစမ်းဖမ်းဆီးသူမရှိတာက အဓိကပြဿနာဖြစ်ပြီး ဒုစရိုက်ကျူးလွန်သူကို အခွင့်အရေး ပေးထားသလို ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။
“အခုတော့ ကျနော်တို့က ကိုယ့်ဘာသာ အကာအရံလုပ် မောင်းနေကြတာပဲ။ တကယ်တမ်း ပြောရရင် မညီညွတ်ဆုံး လူတန်းစားက တက္ကစီသမားတွေပဲလေ။ ကားဂိတ်၊ ဘူတာ၊ လေဆိပ်၊ သင်္ဘောဆိပ်၊ ဆေးရုံတွေအနားဆို သူ့လူနဲ့သူ အပိုင်စားတွေကြီးပဲဆိုတော့ တက္ကစီသမားချင်းတောင် ရန်ပြုခံရတယ်” လို့ အငှားယာဉ်မောင်းတဦးက ပြောပါတယ်။
လုယက်မှုတွေ အများဆုံးဖြစ်တဲ့ နေရာတွေက ထွက်ပေါက်များတဲ့ ဇေကမ္ဘာဝင်း အပါအဝင် ရွှေပေါက္ကံ၊ မင်္ဂလာဒုံဘက်အခြမ်းဆို စက်မှုဇုန်ဘက်ကနေ ဆက်စပ်နေတဲ့ ရပ်ကွက်တွေ အများကြီးရှိနေပြီး ပုလဲမြို့သစ်၊ နီလာအထိ ထွက်ပေါက်တွေရှိတာကြောင့် နယ်ခံကားသမား မဟုတ်ရင် တက္ကစီသမားတွေအနေနဲ့ ရှောင်သင့်တယ်လို့ သတိပေး ပြောဆိုတာတွေလည်း ရှိနေပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် လုယက်မှု၊ ခါးပိုက်နှိုက်မှုတွေ အပါအဝင် အနုကြမ်းစီးမှုတွေဟာ နိုင်ငံတဝန်း ဖြစ်ပွားမှုတွေ များလာနေပြီး စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေ အနေနဲ့လည်း ဒုစရိုက်မှုတွေကို အရေးယူခြင်းမရှိဘဲ ပြည်သူတွေကြုံရတဲ့ မလုံခြုံမှုတွေကို လျစ်လျူရှုထားတာ ဖြစ်ပါတယ်။