ရန်ကုန်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ မင်္ဂလာတောင်ညွန့်ရပ်ကွက်၊ ဗိုလ်မင်းရောင်လမ်း၊ တော်ဝင်ပလာဇာအနီးမှာ မေ ၃၁ ရက် နေ့လယ် ၁ နာရီ ၂၆ မိနစ်လောက်က တက္ကစီ ဓားထောက်လုယက်ခံရပြီး ပြန်လည်ခုခံတဲ့ယာဉ်မောင်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မင်္ဂလာတောင်ညွန့် လူမှုကူညီရေးအသင်းက ပြောပါတယ်။
ယာဉ်မောင်းရဲ့ ပြောပြချက်အရ အသက် ၂၅ နှစ်အရွယ် အမျိုးသားတဦးက ရန်ကုန်ဘူတာကြီးကနေ ဒေါပုံခုံးတံတားအဆင်းကို ငွေကျပ် ၄,၀၀၀ နဲ့ ကားငှားလာတာ ဖြစ်ပြီး မင်္ဂလာတောင်ညွန့်ရဲစခန်းအကျော်မှာ ယာဉ်မောင်းခါးကို ဓားထောက်ကာ ဖုန်း၊ ပိုက်ဆံအိတ်တွေ တောင်းယူခဲ့တယ်လို့ သိရပါတယ်။
ဗိုလ်မင်းရောင်လမ်းအတိုင်း ၁၀၈ လမ်းအကျော်မှာ လုယက်သူကို ပြန်ခုခံခဲ့လို့ ပိုက်ဆံအိတ်နဲ့ ဖုန်း ပြန်ရခဲ့ပေမဲ့ အသက် ၂၆ နှစ်အရွယ် ယာဉ်မောင်းအမျိုးသားမှာ ဘယ်လက်သူကြွယ်ပြတ်ရှ ဒဏ်ရာနဲ့ ဘယ်လက်မောင်း အဆစ်ပြုတ်ဒဏ်ရာ ရရှိခဲ့ပါတယ်။
မင်္ဂလာတောင်ညွန့် လူမှုကူညီရေးအသင်း တာဝန်ခံတဦးက “ကားသမားက ဖုန်းနဲ့ ပိုက်ဆံအိတ် ပေးနေတဲ့အချိန်မှာ ဓားဘက်ကို အားပျော့သွားတော့ ဓားကို ဆောင့်ဆွဲလိုက်တာ ကားသမားလက်ချောင်း ၁ ချောင်း ပြတ်ရှသွားတယ်။ ရုန်းရင်းဆန်ခတ်ဖြစ်တော့ ကားက ညာမောင်းကားဆိုတော့ ဘယ်လက်နဲ့ လှည့်လုပ်ရတော့ ကားသမား ဘယ်လက်မောင်း အဆစ်လွဲသွားတယ်။ ဟိုက အခြေအနေမဟန်တော့ ဆင်းပြေးသွားတယ်” လို့ ပြောပါတယ်။
လုယက်သူကို ဖမ်းဆီးရနိုင်ရေးအတွက် မင်္ဂလာတောင်ညွန့်ရဲစခန်းက လုပ်ဆောင်နေတယ်လို့ သိရပြီး တက္ကစီယာဉ်မောင်းကို ကယ်ဆယ်ရေးအသင်းယာဉ်နဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။