Home
မြန်မာသတင်း
သပိတ်ကျင်း ရွှေလုပ်ကွက်ရှိ စက်ပစ္စည်းနှင့် တဲများကို စစ်တပ်က မီးရှို့
DVB
·
June 1, 2023
Tha Beik Kyin Gold Field ၂
Tha Beik Kyin Gold Field ၄
Tha Beik Kyin Gold Field ၅
Tha Beik Kyin Gold Field 1
Tha Beik Kyin Gold Field ၃

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ၆ မိုင် ပီလောပြစ်မှာ တနိုင်တပိုင် လုပ်ကိုင်ကြတဲ့ ရွှေလုပ်ကွက်တခုကို စစ်ကောင်စီတပ်သားတွေက စက်ပစ္စည်းတွေနဲ့ တဲတွေကို မီးရှို့သွားတာကြောင့် မေ ၃၁ ရက်မှာ ရွှေလုပ်ကွက် ၁၀ ကွက်ကျော် ပိတ်သိမ်းလိုက်ရတယ်လို့ သိရပါတယ်။

၆ မိုင် ပီလောပြစ်ဘက်ကို မေ ၂၈ ရက်က စစ်ကောင်စီတပ် အင်အား ၆၀ ဝန်းကျင် စစ်ကြောင်းထိုးလာပြီး ရွှေလုပ်ကွက်က ဘတ်ဖိုးစက်တလုံးနဲ့ တဲတွေကိုမီးရှို့ပြီး အလုပ်သမားတွေရဲ့ဖုန်း၊ ပိုက်ဆံတွေကို သိမ်းယူသွားတယ်လို့ အမည်မဖော်လိုတဲ့ ရွှေလုပ်သားတဦးက ဆိုပါတယ်။

အရင်က ၆ မိုင်ကို စစ်ကြောင်းထိုးလာပြီဆိုရင် အတွင်းထဲမဝင်ဘဲ အထက်တက်သွား​ပေမဲ့ အခုက အတွင်းထဲထိဝင်လာကာ ​ရွှေစက်ကလူတွေကို အရင်တစုတစည်းတည်း ထိုင်ခိုင်း​ပြီး ဘတ်ဖိုးထဲက တန်ဖိုးရှိတဲ့ ကွန်ပျူတာဘောက်ကို အရင်ထုတ်ယူသွားခဲ့တာလို့ ဆိုပါတယ်။

ဆိုင်ကယ်၊ ဖုန်း၊ ပိုက်ဆံအပြင် သူတို့လိုချင်တဲ့ ငါးပိ၊ ငါးခြောက် အဝတ်ကစ ယူပြီး တဲထဲက ပစ္စည်းတွေ အကုန်ထုတ်ခိုင်းကာ တဲတွေ၊ ဘတ်ဖိုးတွေ၊ စက်တွေ အကုန်မီးရှို့သွားတာလို့ သိရပါတယ်။

“ဘတ်ဖိုးနဲ့လုပ်မှရတဲ့ နေရာတွေကို ဘတ်ဖိုးကို မီးရှို့သွားတယ်။ ပစ္စည်းတွေကိုလည်း မီးကျည်သေနတ်နဲ့ ပစ်ပြီးတော့ မီးရှို့သွားတယ်။ တော်တော်လေး ဆုံးရှုံးသွားတာ။ အဲလိုဖြစ်တော့ ပီလောပြစ်မှာ ရှိသမျှ ရွှေလုပ်ကွက်တွေ အကုန်နားကုန်ကြပြီ။ စက်ယန္တရားနဲ့လုပ်တဲ့သူ အကုန်ပေါ့။”

စစ်ကောင်စီတပ်သားတွေက တောလမ်းမှာ သွားလာနေသူတွေဆီက ဖုန်း၊ ဆိုင်ကယ်၊ ပါလာသမျှပိုက်ဆံတွေ အကုန်သိမ်းယူပြီး လူချည်းပြန်လွှတ်ပေးခဲ့ကာ ၆ မိုင် ပီလောပြစ်ကနေ မေ ၂၈ ရက် ညနေ ၃ နာရီကျော်မှာ စစ်သားတွေ ပြန်ထွက်သွားတယ်လို့ သိရပါတယ်။

ရွှေစက်က ဆိုင်ကယ် ၄ စီး၊ ဖုန်း ၈ လုံး၊ ငွေသား ၈ သိန်းဝန်းကျင်အပြင် မီးရှို့ခံရတဲ့ စက်ပစ္စည်းတန်ဖိုး၊ ဘတ်ဖိုးစက်၊ ဆီနဲ့ ဓာတ်ဆီတို့ ဆုံးရှုံးခဲ့တာကြောင့် သိန်းထောင်ဂဏန်းထိ ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

ရွှေလုပ်ကွက်တွေက တနိုင်တပိုင်လုပ်ငန်းဖြစ်တဲ့အတွက် ရရှိတဲ့ ရွှေတန်ဖိုး ထပ်ဆုံးရှုံးတာက များတာကြောင့် ရွှေလုပ်ကွက် ၁၀ ကွက်ကျော် ပိတ်သိမ်းခဲ့ရတာဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ ရွှေလုပ်သားတဦးက ဆိုပါတယ်။

“ဒီမှာ ရွှေက အများကြီးရတာမဟုတ်ဘူး။ လုပ်ငန်းလေးကို လည်ပတ်ရုံ စားလောက်ရုံလောက် ရတာဆိုတော့ ဒီ သိန်းထောင်ချီရင်းထားတဲ့ ပစ္စည်းတွေ ဆုံးရှုံးသွားရင် မတန်ဘူးလေ။ အဲ့တော့ ဒီနေ့ဆို တွဲကားတွေနဲ့ကော ဆယ်ဘီးကားတွေနဲ့ကော၊ ထော်လာဂျီတွေနဲ့ကော အကုန် သွားကြပြီ၊ ဘယ်သူမှ မနေရဲကြဘူး။”

အခုလို ရွှေလုပ်ကွက် ၁၀ ကွက်ကျော် ပိတ်သိမ်းလိုက်တဲ့အတွက် ရွှေလုပ်ကွက်ကို မှီခိုနေရတဲ့ အလုပ်သမားတွေ အလုပ်အကိုင်အပြင် အခက်အခဲတွေ ကြုံနေရတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024