မန္တလေး၊ ကျောက်ပန်းတောင်းမြို့နယ်၊ မိတ္ထီလာ-ကျောက်ပန်းတောင်းလမ်း မိုင်တိုင်အမှတ် ၄၆/၆ ဖာလုံမှာ မေ ၃၀ ရက် ညနေပိုင်းက ခရီးသည်တင်ကားတစီးနဲ့ ဘုန်းကြီးကား တိုက်မိတာကြောင့် ဘုန်းကြီး ၁ ပါး ပျံလွန်ကာ ၁ ပါး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံကယ်ဆယ်ရေးအသင်းတွေက ပြောပါတယ်။
အဲ့ဒီနေ့ ညနေ ၃ နာရီခွဲလောက်က လူ ၁၄ ဦးပါ ရွှေညာမြေ Express ခရီးသည်တင်ကားနဲ့ ဦးဇင်း ၂ ပါးပါ တိုယိုတာ Voxy ကား မျက်နှာချင်းဆိုင် တိုက်မိခဲ့ကြတာပါ။
ကျောက်ပန်းတောင်းမြို့ခံ ကယ်ဆယ်ရေးအသင်း တာဝန်ခံက “ရွှေညာမြေ Express နဲ့ ဘုန်းကြီးကား Voxy တိုက်တာ၊ Express က ၁၄ ယောက်ပါတယ်၊ ဘာမှမဖြစ်ဘူး၊ ကားပဲဖြစ်သွားတာ။ ဘုန်းကြီးကားက ဘုန်းကြီး ၂ ပါး ရှေ့ကပါတယ်။ မောင်းတဲ့ဘုန်းကြီးက သေသွားတယ်” လို့ ပြောပါတယ်။
ယာဉ်တိုက်မှုကြောင့် ကားနှစ်စီးစလုံး ခေါင်းခြမ်းပျက်စီးသွားပြီး Express ပေါ်ပါ ခရီးသည်တွေ ထိခိုက်မှုမရှိခဲ့ပေမဲ့ ဘုန်းကြီးကားမှာ ယာဉ်မောင်းဦးဇင်း ပျံလွန်တော်မူကာ ခေါင်းခန်းရှိ စာချဦးဇင်းတပါး ပေါင်ကျိုး၊ ခေါင်းကွဲ စိုးရိမ်ရဒဏ်ရာ ရရှိခဲ့ပါတယ်။
ပျံလွန်သွားသူဟာ ကျောက်ပန်းတောင်းမြို့၊ အောင်မြေရတနာစာသင်တိုက်မှာ စာဝါသင်ကြားပေးသူ အသက် ၃၀ အရွယ်ရှိ ဦးဇင်းဖြစ်တယ်လို့ သိရပြီး ထိခိုက်ဒဏ်ရာရရှိသူက ပုပ္ပားရပ်၊ ဒေါင်းလယ်ရွာနေ အသက် ၃၀ အရွယ် ဦးဇင်းဖြစ်ကာ ကားပိုင်ရှင်ဖြစ်တယ်လို့ သိရပါတယ်။
ဒဏ်ရာရရှိသူ ၂ ပါးကို ညောင်ဦးမြို့နယ် ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ခဲ့ပေမဲ့ ဒဏ်ရာပြင်းထန်သူ ဦးဇင်းတပါးက ဆေးကုသနေချိန် ပျံလွန်သွားတယ်လို့ သိရပြီး ရွှေညာမြေ Express ယာဉ်မောင်းဖြစ်သူကို လက်ပံပျားတိုက်နယ်ရဲစခန်းမှာ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။