တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ နန်းပရုတ်ကျေးရွာအနီး ပြည်ထောင်စုလမ်းမကြီးဘေးမှာ မေ ၃၀ ရက် နေ့လယ် ၃ နာရီလောက်က စစ်ကောင်စီတပ်သားတွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
တိုက်ပွဲဝင်ရဲဘော်တဦးက “ကျနော်တို့လည်း ကင်းပုန်းဝပ်နေတာ။ စခတွေကလည်း ကင်းပုန်းလာဝပ်တာ။ ကျနော်တို့နဲ့ လမ်းတခုပဲခြားတယ်။ ဖြစ်တာက နန်းပရုတ် တာဝါတိုင်ဘေးမှာ ဖြစ်တာပါ။ အဲဒီမှာ တိုက်ပွဲစဖြစ်တာပါ။ သူတို့ဘက်က လက်နက်ကြီးပစ်ကူ အမြောက်အသုံးပြုပြီး တိုက်ခိုက်တယ်” လို့ ပြောပါတယ်။
အဆိုပါတိုက်ပွဲမှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးဘက်က ထိခိုက်ကျရှုံးမှု မရှိပေမဲ့ စစ်ကောင်စီဘက်က ထိခိုက်ကျရှုံးမှုကိုလည်း အတည်မပြုနိုင်သေးပါဘူး။
ပြီးခဲ့တဲ့ မေ ၂၄ ရက် မနက်ပိုင်းကလည်း ပုလောမြို့နယ်၊ နန်းပရုတ်ကျေးရွာအနီးမှာ ပလောက်ကနေ ပုလောဘက်ကို မောင်းလာတဲ့ စစ်ကား ၂ စီးကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
မြိတ်ခရိုင် တပ်ရင်း-၁ သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူတဦးက “စခတွေ ပြန်ဆုတ်ချိန်မှာတော့ ရွာသား ၃ယောက်ကို ဖမ်းပြီး လမ်းပြခိုင်းတယ်။ ပြီးတော့ ရွာသားတွေကို ထုရိုက်ပြီး စစ်မေးတယ်။ တိုက်ပွဲဖြစ်ပြီးတဲ့နောက် စခတွေဘက်ကနေ ညနေ ၅ နာရီခွဲဝန်းကျင်အထိ လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်သေးတယ်” လို့ ပြောပါတယ်။
ပုလောမြို့နယ်မှာ စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတဲ့အတွက် ပုလောမြို့နယ်အတွင်းရှိ မိဘပြည်သူတွေအနေနဲ့ လုံခြုံရေးသတိ အမြဲရှိဖို့၊ စစ်ရေးသတင်း အမြဲနားစွင့်ထားဖို့၊ မလိုအပ်ဘဲ ခရီးသွားလာခြင်းမပြုဖို့၊ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်တဲ့ စည်းကမ်းချက်တွေကို စနစ်တကျလိုက်နာဖို့ မြိတ်ခရိုင် တပ်ရင်း-၁ က သတိပေး ထုတ်ပြန်ထားပါတယ်။