စစ်ကိုင်းတိုင်း မြင်းမူမြို့၊ မန္တလေး-မုံရွာလမ်းမကြီး၊ အောင်ဇေယျကွက်သစ် ၁၉ လမ်းမှာရှိတဲ့ ကြံ့ခိုင်ရေးပါတီရုံးနားမှာ မေ ၂၉ ရက် မွန်းလွဲ ၂ နာရီက ဗုံးကွဲမှုဖြစ်ပြီး ဆိုင်ကယ်စီးလာသူ ၂ ယောက် သေဆုံးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
အဲဒီရပ်ကွက်နေသူတဦးက “မြို့ပေါ်မှာ စစ်ကောင်စီယာဉ်တန်း အဲဒီလမ်းပေါ်ဖြတ်ရင် သူတို့ကို ဖောက်ခွဲရေးလုပ်တာတော့ ရှိတယ်။ အမျိုးမျိုးတော့ ပြောနေကြတာပဲ။ ဆိုင်ကယ်ထဲ ထည့်ယူလာပြီး ပေါက်တာလို့လည်း ပြောတယ်” လို့ ပြောပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့် ဆိုင်ကယ်ပေါ်က အမျိုးသားနှစ်ယောက် သေဆုံးခဲ့ပြီး အလောင်းတွေကို မြင်းမူမြို့ ဆေးရုံကြီး ရင်ခွဲရုံကို ပိုဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
အခုပေါက်ကွဲမှုကို ဖောက်ခွဲရေးလုပ်ဖို့ ဆိုင်ကယ်အတွင်း ယူဆောင်လာချိန် ပေါက်ကွဲလို့ သေဆုံးတာလို့ စစ်ကောင်စီ တယ်လီဂရမ်ချန်နယ်တွေမှာ သတင်းထုတ်ပြန်ထားပါတယ်။
ဒီနေ့အထိ အခုလိုမျိုး ပေါက်ကွဲမှုဖြစ်စဉ်တွေဟာ မြန်မာနိုင်ငံအနှံ့ ၁၀ ကြိမ်ထက်မနည်းရှိပြီး ဖောက်ခွဲဖို့ မိုင်းသယ်လာချိန် ကားပေါက်ကွဲတာ၊ ဆိုင်ကယ်ပေါက်ကွဲတာနဲ့ နေအိမ်မှာ မိုင်းဆင်ချိန် ပေါက်ကွဲတာတွေ ရှိခဲ့ပါတယ်။
မေ ၂၈ ရက်ကလည်း စစ်ကောင်စီယာဉ်တန်း မြင်းမူနဲ့ ထီးဆောင်းရွာကြားမှာ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။