ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာမှာ မေ ၂၈ ညက တရုတ်အမျိုးသားလောပန်းတဦးရဲ့နေအိမ် ဓားပြတိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရှမ်းကုန်းရပ်ကွက်မှာနေထိုင်တဲ့ တရုတ်လူမျိုး ကျောက်စိမ်း လောပန်းတဦးရဲ့ နေအိမ်က တန်ဖိုးကြီး ကျောက်စိမ်းတုံးတွေနဲ့ ရွှေချောင်းတွေကို အမျိုးသား ၆ ဦးက ဓားပြတိုက်ခဲ့တာလို့ ဆိုပါတယ်။
ဓားပြတိုက်ခံရတဲ့အိမ်နဲ့ နီးစပ်သူ ဒေသခံတဦးက "ည ၉ နာရီ ခွဲလောက် ကားနှစ်စီးနဲ့ လူ ၆ ယောက် ရောက်လာတယ်။ တန်ဖိုးကြီးကျောက်စိမ်းတုံးနှစ်တုံးရယ်၊ ရွှေချောင်းတွေရယ်၊ ငွေသားရယ်ပါသွားတယ်။ နောက်ပြီး လောပန်းစီးတဲ့ ကားနှစ်စီးလည်း ပါသွားတယ်" လို့ ပြောပါတယ်။
ဓားပြတိုက်သွားတဲ့ သူတွေဟာ အသက် ၂၀ နဲ့ ၃၀ ဝန်းကျင်ကြား လူငယ်တွေဖြစ်ပြီး ဓား၊ သေနတ် တွေ ကိုင်ဆောင်ပြီး ဓားပြတိုက်သွားတာလို့ ဆိုပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ဖားကန့်မြို့နယ်အတွင်းမှာ လူသတ်မှု၊ လုယက်မှု၊ အလောင်းစွန့်ပစ်မှု၊ ဓားပြတိုက်မှုတွေ မကြာခဏ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ မေ ၁၃ ရက်နေ့ကလည်း အောင်ရာကျေးရွာမှာ နေထိုင်တဲ့ အမျိုးသားတဦးအား ကျောက်ခဲနဲ့ ထုသတ်ပြီး ဆိုင်ကယ်နဲ့ တယ်လီဖုန်း လုယက်သွားသလို မေ ၁၈ ရက်ကလည်း လုံးခင်းကျေးရွာမှာ ဈေးဆိုင်ဖွင့်လှစ်ထားတဲ့ အမျိုးသမီးတဦး နေအိမ်မှာရှိနေစဉ် အမည်မသိ အမျိုးသားတဦးက ဓားနဲ့ ခုတ်ပြီး ငွေသားတွေ လုယက်ယူဆောင်သွားခဲ့ပါသေးတယ်။