မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသမှာ မေ ၂၉ ရက် မနက်ပိုင်းက စစ်တပ်က ပစ်ခတ်တာကြောင့် စစ်ရှောင်အမျိုးသား နှစ်ယောက် သေဆုံးခဲ့ပြီး အမျိုးသမီး တယောက်နဲ့ ကလေး တယောက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ကူနီရွာနဲ့ ရေယှားကြားက စစ်ရှောင် ၂၀၀ ဝန်းကျင်လောက်ရှိတဲ့နေရာကို စစ်တပ်က ပစ်ခတ် ဝင်ရောက်တာကြောင့် စစ်ရှောင်အမျိုးသား နှစ်ယောက်သေဆုံးခဲ့ရတယ်လို့ ရေစကြိုမြို့နယ်ပကဖ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
"စစ်ရှောင်တွေက လွတ်ရာ လယ်ကွင်းပြင်တွေထဲမှာနေကြတာ။ အဲဒါကို စစ်သားတွေက တက်ပစ် တော့ ရုတ်ရုတ်သဲသဲတွေဖြစ်ပြီး အမျိုးသား နှစ်ဦး မိပြီး သတ်သွားတာ"
ပစ်ခတ်မှုအတွင်း စစ်ရှောင်အမျိုးသမီး တယောက် ထိမှန်ခဲ့ပြီး ကလေး တယောက် ရင်ဘတ်ထိမှန် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
တော်လှန်ရေး အရှိန်ကောင်းတဲ့နေရာတခုဖြစ်တဲ့ ရေလယ်ကျွန်းဒေသကို စစ်တပ် မေ ၂၇ ရက်စပြီး ရွာစဥ် မီးရှို့မှုကြောင့် ရွာပေါင်း ၂၂ ရွာ မီးရှို့ခံ ထားရပြီး နေအိမ်ပေါင်း ၁၀၀၀ ကျော် ပျက်စီး ခဲ့တယ်လို့ သိရပါတယ်။