ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် မြောက်ပိုင်းရှိ ဝါးကျောင်း ဘုန်းကြီးကျောင်းကို မေ ၂၈ ရက် ညမှာ စစ်တပ်က တိုက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Justice Soldier PDF ထုတ်ပြန်ထားပါတယ်။
စစ်တပ်က လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲချ တိုက်ခိုက်ခဲ့တာကြောင့် ဘုန်းကြီးကျောင်း ထိခိုက်ပျက်စီးခဲ့ရတာ ဖြစ်ပါတယ်။
ကော့ကရိတ်မြို့နယ်မှာ မြေပြင်တိုက်ပွဲ မဖြစ်ပွားဘဲ စစ်တပ်က လေကြောင်းအပြင် လက်နက်ကြီးကျည်တွေ နေ့ရောညပါ ပစ်ခတ်နေသလို လူနေအိမ်တွေ၊ အိမ်မွေးတိရစ္ဆာန်တွေပါ ထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကေအန်ယူ တပ်မဟာ ၆ နယ်မြေထဲမှာက စစ်ကောင်စီတပ်နဲ့ KNU/KNLA ပူးပေါင်းတပ်တွေ တိုက်ပွဲတွေ ရှိနေပေမဲ့ စစ်ကောင်စီဘက်က မြေပြင်မှာ အထိနာလာရင် သူတို့ဘက်က လေယာဥ်နဲ့ လက်နက်ကြီးကို အများဆုံးအသုံးပြု ပစ်ခတ်တိုက်ခိုက်နေတာကြောင့် လူနေအိမ်တွေ၊ ဘာသာရေး အဆောက်အအုံတွေ အများပြား ထိခိုက်ပျက်စီးခဲ့ပါတယ်။