ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်၊ ၅၅ ရပ်ကွက်၊ မင်းရဲကောင်းပုံလမ်းရှိ ဂက်စ်အိုးရောင်းဝယ်ရေး လုပ်ငန်းမှာ မေ ၂၉ ရက် မနက်ပိုင်းက မီးလောင်ပေါက်ကွဲခဲ့တယ်လို့ မြန်မာမီးသတ်ဌာနချုပ်က ပြောပါတယ်။
မနက် ၁၀ နာရီ ၂၆ မိနစ်လောက်မှာ မီးသတင်းရရှိတာကြောင့် တောင်ဒဂုံမြို့နယ်မီးသတ်နဲ့ သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့၊ အရပ်ဖက်ကယ်ဆယ်ရေးအသင်းတွေက Level 1 အဆင့် မီးငြှိမ်းသတ်ခဲ့ကြတာပါ။
ရန်ကုန်မြို့လူမှုကယ်ဆယ်ရေးအသင်း တာဝန်ခံတဦးက “လောင်တာက မင်းရဲကောင်းပုံလမ်းက ဂက်စ်ပစ္စည်းရောင်းဝယ်ရေးဆိုင်။ အဆောက်အအုံက ၁ ခုပဲ။ ဂိုထောင်ပါ တွဲရက်။ ဂက်စ်အိုးတွေ မီးဖိုတွေ ရှိတယ်။ ဂက်စ်အိုးတွေ ပေါက်ကွဲတာတွေ ရှိပါတယ်။ ကံကောင်းတာက လူထိခိုက်မှု မရှိပါဘူး”လို့ ဆိုပါတယ်။
မီးလောင်မှုကြောင့် ပေ ၄၀၊ ပေ ၆၀ ၁ ထပ်အဆောက်အအုံနဲ့ ဂက်စ်အိုး ဆက်စပ်ပစ္စည်းတွေ ပျက်စီးဆုံးရှုံးသွားပြီး မနက် ၁၀ နာရီ ၄၆ မိနစ်မှာ မီးငြိမ်းသွားပါတယ်။
မီးလောင်ရတဲ့ အကြောင်းအရင်းနဲ့ ပျက်စီးဆုံးရှုံးတန်ဖိုးကို တွက်ချက်နေဆဲဖြစ်တယ်လို့ သိရပြီး အရပ်သားနဲ့ ကယ်ဆယ်ရေးအဖွဲ့ဝင်တွေ ထိခိုက်မှု မရှိဘူးလို့ သိရပါတယ်။