မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ ပြည်တွင်းအခွန်ရုံးအရှေ့ရှိ ကားတစီးနဲ့ အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက်ရှိ စားသောက်ဆိုင်တဆိုင်မှာ မေ ၂၇ ရက်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာကြောင့် ကား ၁ စီးနဲ့ လူ ၁ ဦး ထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိခဲ့တယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။
ပြည်ကြီးတံခွန်၊ ၇၈ လမ်း× ၇၅ (D) လမ်း၊ မြဝတီမင်းကြီး ၁ လမ်းကြားရှိ အခွန်ရုံးကို ညနေ ၆ နာရီလောက် ဆိုင်ကယ်ပေါ်ကနေ လက်လုပ်ဗုံးနဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
"အခွန်ရုံးက ညနေပိုင်းလောက်ကြီး ဖြစ်တာ။ ရုံးရှေ့ကာထားတဲ့ နေရာနဲ့ ကားကြားမှာ ဗုံးကွဲတာလို့ ပြောတယ်။ ကားက မှန်လောက်ပဲ ကွဲတယ်၊ လူထိတာ သေတာမျိုးတော့ မရှိပါဘူး။ ညပိုင်းကျ ၈၇ လမ်း ဆိုင်ရှေ့မှာ ဗုံးပစ်ခံရတယ်၊ စားပွဲထိုးတယောက် ထိထားပါတယ်" လို့ ပြည်ကြီးတံခွန်မြို့ခံ တဦးက ပြောပါတယ်။
ရုံးအရှေ့ဘက်လမ်းမရှိ စစ်ကောင်စီ အခွန်ဦးစီးရုံးပိုင် အနက်ရောင် အယ်လ်ဖက်ကားရဲ့ ရှေ့မှန်နဲ့ ကားညာဘက်ခြမ်းမှန်တွေ ပျက်စီးသွားပြီး လူထိခိုက်မှု မရှိဘူးလို့ သိရပါတယ်။
အောင်မြေသာစံ၊ ၁၁ လမ်း၊ (၈၇×၈၈) လမ်းကြားရှိ Drink & Eat စားသောက်ဆိုင်မှာ မေ ၂၇ ရက် ည ၁၁ နာရီလောက်မှာ ဆိုင်ကယ်စီး အမျိုးသား ၂ ဦးက ဆိုင်ကို ဗုံးပစ်ခဲ့တာကြောင့် ဆိုင်အဝရှိ ဝန်ထမ်းအမျိုးသားတဦး ခြေထောက်နဲ့ လက်ဖျံ ဗုံးစမှန်ဒဏ်ရ်ရရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ မေ ၁၀ ရက် မနက်ကလည်း အောင်မြေသာစံမြို့နယ်၊ သမဝါယမဦးစီးမှူးရုံးပိုင် ဆူဇူကီးဟိုက်ဂျက်ကားတစီး လက်ပစ်ဗုံးနဲ့ ပစ်ပေါက်ခံခဲ့ရပြီး ကားလေကာမှန်၊ ဘေးဘက်နဲ့ ညာဘက်ကားနောက်ဘီး ပျက်စီးသွားတယ်လို့ သိရပါတယ်။