ရှမ်း- ကယားနယ်စပ် ရှမ်းပြည်နယ်၊ မိုးဗြဲမြို့ပေါ်ရှိ စည်ကား ၃ ရပ်ကွက်မှာ မေ ၂၇ ရက် ညနေ ၅ နာရီကျော်လောက် စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အသက် ၃ နှစ်အရွယ် မိန်းကလေးငယ်တယောက် ထိမှန်သေဆုံးခဲ့တယ်လို့ မိုးဗြဲကယ်ဆယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
မိန်းကလေးငယ်ဟာ ဘယ်ဘက်ရင်ဘတ် ပွင့်ထွက်ဒဏ်ရာရရှိပြီး ဆေးကုသဖို့ သွား ရောက်ကူညီခဲ့ပေမယ့် ဒဏ်ရာပြင်းထန်တာကြောင့် အသက်ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။
လက်နက်ကြီးနဲ့ပစ်ခတ်ပြီး လေကြောင်းကပါ ဗုံးကြဲတာကြောင့် ညောင်ဝိုင်းဘုန်းကြီးကျောင်းနဲ့ နေအိမ်တချို့လည်း ပျက်စီးခဲ့ရတယ်လို့ မိုးဗြဲမြို့ခံတွေက ပြောပါတယ်။
ရှမ်-ကယားနယ်စပ်မှာ ဖေဖော်ဝါရီလကစလို့ တိုက်ပွဲပြန်လည်ပြင်းထန်နေတာကြောင့် ဒေသခံ ၂၅၀၀၀ ကျော် ဘေးလွတ်ရာ တော၊ တောင်ထဲကို ထွက်ပြေးခဲ့ရပြီး ဆေးဝါး၊ စားနပ်ရိက္ခာ အခက်ခဲရှိနေတယ်လို့ သိရပါတယ်။
အခုအခါ မိုးဗြဲမြို့မှာ တိုက်ပွဲ ပြင်းထန်နေတာကြောင့် ဖယ်ခုံ-မိုးဗြဲ-လွိုင်ကော်လမ်းကို မလိုအပ်ရင် မသွားဖို့ မိုးဗြဲ PDF က သတိပေးထားပါတယ်။
ကရင်နီပြည်နယ် ဒီးမော့ဆို၊ ဖရူဆို၊ ဘော်လခဲမြို့နယ်တို့မှာလည်း တိုက်ပွဲတွေကြောင့် ထွက်ပြေးနေကြရတဲ့ စစ်ဘေးရှောင် ၂ သိန်းနီးပါးရှိပြီး အကူအညီလိုအပ်နေတယ်လို့ မြေပြင်ကူညီတဲ့အဖွဲ့ဆီက သိရပါတယ်။
စစ်ဘေးရှောင်ပြည်သူတွေဟာ စစ်ဘေးရှောင်ကာလ ၂ နှစ်ကျော်ရှိနေပြီး အစပိုင်းမှာ ကိုယ့်ရိက္ခာပါလာကြတာကြောင့် နှစ်အစပိုင်းလောက်ထိ အဆင်ပြေခဲ့ပေမဲ့ နောက်ပိုင်းမှာ စစ်ဘေးရှောင်ကူညီတဲ့အဖွဲ့ဆီက ထောက်ပံ့မှုတချို့ရရှိခဲ့ပေမယ့် လက်ရှိမှာတော့ ရိက္ခာပြတ်လပ်ပြီး အကူအညီလိုအပ်နေတာလို့ ဆိုပါတယ်။
စစ်ဘေးရှောင်တွေဟာ ဝင်ငွေရအလုပ်ကိုင်မရှိတာနဲ့ ထောက်ပံ့မှု လုံလောက်စွာ မရတာကြောင့် အခက်ခဲများစွာ ကြုံတွေ့နေရပါတယ်။
မေ ၂၄ ရက်ညကလည်း စစ်ဘေးရှောင်ပတ်ဝန်းကျင်အနီး စစ်ကောင်စီက လေယာဥ်နဲ့ ပေါင် ၅၀၀ ဗုံးသီး ခြောက်ကြိမ်လာချသွားတာကြောင့် ထိခိုက်သေဆုံးမှုရှိတယ်လို့ မြေပြင်ကူညီသူများအဖွဲ့ဆီက သိရပါတယ်။
လေယာဉ်နဲ့ ဗုံးကြဲတာကြောင့် ဆေးရုံ ဆေးခန်းတွေလည်း ပိတ်သိမ်းလိုက်ရပြီး ကိုယ်ဝန်ဆောင်၊ ကလေးငယ်နဲ့ သက်ကြီးရွယ်အိုတွေ အခက်ခဲဖြစ်နေသလို မိုးတွင်းကာလဖြစ်တာကြောင့် အမိုးအကာတွေလည်း လိုအပ်နေပါတယ်။
ကမ်းလက် စစ်ရှောင်ကူညီသူတဦးက ''ဘယ်သူ ဘယ်ဝါဖြစ်ဖြစ် မသေချာတော့တဲ့ မနက်ဖြန်များစွာထဲမှာ ကျနော်တို့ ကရင်နီက စစ်ဘေးရှောင်များအတွက် မြေပြင်မှာ တကယ်လုပ်ကိုင်နေတဲ့ စစ်ရှောင်အဖွဲ့တွေထံ သတိတရနဲ့ ပါဝင်လှူဒါန်းပေးကြပါ။ စစ်ရှောင်တချို့ဟာ အရမ်းခက်ခဲပါတယ် အဲ့တာတွေက ဇာတ်ကားကြည့်တာမဟုတ်ဘဲ မြေပြင်မှာတကယ်ရှိပါတယ်'' လို့ ပြောပါတယ်။
စစ်ကောင်စီက နေ့စဥ်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်တာတွေကြောင့် ကရင်နီ စစ်ရှောင်တွေ စိတ်ပိုင်းဆိုင်ရာ ကြောက်ရွံ့မှု၊ ထိတ်လန့်မှုတွေ နေ့စဥ်အမျှ ကြုံတွေ့နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။