ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့၊ ကောင်းကြဲကျေးရွာအုပ်စု၊ ခိုက်ချန်ရွာ၊ ငါးပါးသီလ သုသာန်နားမှာ သေနတ် ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသား အလောင်းကို မတ် ၂၇ ရက် နေ့လယ်ပိုင်းက တွေ့ရှိခဲ့တယ်လို့ မြို့ခံပရဟိတအသင်းက ပြောပါတယ်။
အသက် ၃၀ ဝန်းကျင်ရှိ အမျိုးသား ရုပ်အလောင်းကို ရွာခံတွေက တွေ့ရှိခဲ့လို့ သွားရောက် သယ်ဆောင်ပြီး လားရှိုးပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ကယ်ဆယ်ရေးအဖွဲ့ဝင်တဦးက "နယ်ထိန်းက ဆက်သွယ်အကြောင်းကြားတာပါ။ သေဆုံးသူ မိသားစုနဲ့တော့ အဆက်အသွယ် မရသေးဘူး။ ဒီမှာက မူးယစ်ဆေး အလွန်အကျွံသုံးလို့ သေတဲ့ သူလည်း ရှိတယ်။ အခုလို လုပ်ကြံခံရပြီး သေဆုံးကြသူတွေလည်း ရှိတယ်။ ရဲကပဲ သေမှု သေခင်း ဖွင့်ပြီး အရေးယူမှာပေါ့။ တခြားတော့ ဘာမသိပါဘူး” လို့ ပြောပါတယ်။
လားရှိုးမြို့မှာ နယ်စုံမှ လာရောက်အလုပ်လုပ်ကိုင်သူများစွာရှိပြီး မူးယစ်ဆေးဝါးအလွန်အကျွံ သုံးစွဲ တာတွေကြောင့် ပိုင်ရှင်မဲ့အလောင်းတွေ မကြာခဏ တွေ့ရတယ်လို့ မြို့ခံတဦးက ပြောပါတယ်။
လားရှိုးမြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ပြည်သူ့စစ်လက်နက်ကိုင်တွေ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)၊ ကိုးကန့်တပ်မတော် (MNDAA)၊ တအောင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) စတဲ့ လက်နက်ကိုင်အဖွဲ့တွေ လှုပ်ရှားနေတာပါ။
စစ်တပ်က အာဏာသိမ်းပြီးနောက် လားရှိုးမြို့မှာ ခိုးဆိုးလုယက်မှု၊ ဓားပြတိုက်မှုနဲ့ ငွေကြေးအများအပြားတောင်းတဲ့ ပြန်ပေးဆွဲမှုတွေ ဖြစ်ပွားနေပြီး တရားခံတွေကိုလည်း ဖမ်းဆီးမိတာ မရှိဘူးလို့ သိရပါတယ်
မေ ၂၇ ရက်အထိ လားရှိုးမြို့မှာ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးမှု ၅ ကြိမ်အထိရှိခဲ့ပြီး သေဆုံးသူတွေရဲ့ မိသားစုဝင်တွေနဲ့ အဆက်အသွယ် မရရှိခဲ့ဘဲ ပိုင်ရှင်မဲ့အဖြစ်သာ သင်္ဂြိုဟ်ပေးခဲ့ရတယ်လို့ မြို့ခံ ပရဟိတအသင်းတွေဆီက သိရပါတယ်။