ရန်ကုန်တိုင်း၊ အင်းစိန်နဲ့ ရွှေပြည်သာမြို့နယ်တွေမှာ မေ ၂၆ ရက် မနက် ၈ နာရီ လောက်တည်းက အင်းစိန်လမ်းမပေါ်မှာ သွားလာနေတဲ့ ဆိုင်ကယ်တွေနဲ့ အိမ်စီးကားတွေကို စစ်ကောင်စီတပ်က လမ်းပိတ်စစ်ဆေးနေပြီး လိုင်းကားတချို့နဲ့ ဘေးတွဲဆိုင်ကယ်တွေကို ဖမ်းဆီးထားတယ်လို့ မျက်မြင်တွေ့ရှိသူတဦးက ပြောပါတယ်။
မနက် ၁၁ နာရီလောက်မှာ စစ်ဆေးတာတွေ မရှိတော့ဘဲ ပုံမှန်အတိုင်း သွားလာခွင့်ပြုထားပြီး ဖမ်းဆီးထားတဲ့ ဆိုင်ကယ်တွေနဲ့ ကားပိုင်ရှင်တွေကိုတော့ စစ်တပ်က ကားတွေနဲ့ ခေါ်သွားတယ်လို့ ရွှေပြည်သာမြို့နယ်မှာ နေထိုင်သူတဦးက ပြောပါတယ်။
“ဘာသတင်းရလို့လဲတော့ မသိဘူး။ ရဲကော စစ်သားကော အယောက် ၂၀ လောက်နဲ့ လမ်းမပေါ်မှာ ပိတ်ပြီးစစ်နေတယ်။ သူတို့ မသင်္ကာတဲ့ကားတွေကို လမ်းဘေးမှာချရပ်ခိုင်းပြီး စစ်နေတာ၊ မနက် ၈ နာရီတည်းကပဲ၊ ၁၁ ခွဲလောက်မှ ထမင်းစားပြန်သွားလို့ မရှိတော့တာ။”
ဒါ့အပြင် မြောက်ဒဂုံမြို့နယ်တွင်းက ပင်လုံလမ်းနဲ့ ဒဂုံမြို့သစ်အရှေ့ပိုင်းက ဆိပ်ကမ်းလမ်းမပေါ်တွေမှာလည်း စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေက ကားတွေကို နောက်ဖုံးဖွင့်ပြီး တင်းတင်းကျပ်ကျပ် ရှာဖွေစစ်ဆေးနေတယ်လို့ အငှားယာဉ်မောင်းတဦးက ပြောပါတယ်။
ရန်ကုန်တိုင်းအတွင်းက မြို့နယ်တချို့မှာ အခုရက်ပိုင်း စစ်ကောင်စီက နိုင်ငံရေး လှုပ်ရှားသူတွေ၊ မြေအောက်တော်လှန်ရေးအဖွဲ့တွေနဲ့ လူငယ်တွေကို ညအချိန်တွေမှာ အင်အားသုံးပြီး ဖမ်းဆီးနေသလို နေ့အချိန်မှာလည်း လုံခြုံရေးတိုးမြှင့်ပြီး စစ်ဆေးတာတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။