လူသည် တော်လှန်ရေး သတ္တဝါလား
လူသည် တော်လှန်ရေးသတ္တဝါလားလို့ အမေးရှိခဲ့လျှင် ဟုတ်ပါသည်ဟု ကျနော် လေးလေးနက်နက် အဖြေပေးမိမှာပဲ။ လူသည် မူလသဘာဝအရကိုက တော်လှန်ရေး အတွေးအခေါ်နဲ့ ရှင်သန်လာသူ ဖြစ်တယ်လို့ ကျနော်ယုံကြည်တယ်။ လူ့သဘာဝဟာ လွတ်လပ်မှုကို မြတ်နိုးတယ်။ တရားမျှတမှုကို ခုံမင်တယ်။ ယုတ်စွအဆုံး ထိုသူကိုယ်တိုင် မတရားမှုကို ကျူးလွန်သည် ထားဦးတော့ သူ့ကိုယ်သူတော့ တရားသူကြီးဟု အမည်ကင်မွန်း တပ်လိုတယ်။ ဖြူစင်သူကြီးလို့ အများအမြင်မှာ အထင်ခံလိုတယ်။ ဒါဟာ ဘာကိုပြတာလဲ ဆိုတော့ လူသည် မူလက တရားမျှတမှုကို ကြိုက်နှစ်သက်သည်လို့ ကောက်ချက်ချနိုင်တဲ့ သက်သေခံချက်ပဲ။ မတရားတာ လုပ်နေပါလျက် တရားပါတယ်လို့ အထင်ခံချင်တဲ့သူ (ဝါ) အဖွဲ့အစည်းဟာ မာယာသာဌေယလို့ ခေါ်တဲ့ အင်မတန်ကောက်ကျစ်စဉ်းလဲသူလို့ ပြောလို့ရတယ်။
ဘဝမှာ ရန်သူစစ်စစ်ကို တိုက်ပွဲဝင်ရတာ မခက်ခဲပါဘူး။ ရဲရင့်တဲ့ ရန်သူဆိုရင် ပြိုင်ဘက်ကောင်းရလို့ မိမိသည်ပင်လျှင် အရည်အချင်း တိုးတက်နိုင်ပါသေးတယ်။ ဒီထက်ပိုပြီး တွေးခေါ်ရမည်ဆိုလျှင် အရဲရင့်ဆုံး ရန်သူတွေဟာ အကောင်းဆုံးသော မိတ်ဆွေတွေ၊ မဟာမိတ်တွေ ဖြစ်လာနိုင်ပါသေးတယ်။ လူဖြစ်ပါလျက် တော်လှန်သူမဖြစ်လျှင် လူဖြစ်ရှုံး၏။ အဘယ်ကြောင့်ဆိုသော် တိရစ္ဆာန်တို့သည် လူတို့၏ကျွန်များ၊ အခိုင်းအစေများ ဖြစ်ခြင်းကြောင့်ပင်။ တိရစ္ဆာန်တို့သည် လူတို့ ကြွေးတာစား၊ ခိုင်းတာလုပ်၊ ခေါ်ရင်သွား။ တရားသည် မတရားသည် မဆုံးဖြတ်၊ မတွေးခေါ်၊ မဝေဖန်၊ မဆန်းစစ်။ ထိုအဖြစ်သနစ်များကြောင့် တိရစ္ဆာန်သည် တော်လှန်သူမဟုတ်၊ အညံ့ခံသူသက်သက်သာ ဖြစ်၏။ ဘာမျှ ဂုဏ်သိက္ခာမရှိသူသာ ဖြစ်၏။ လူတို့ကို မတော်လှန်သောကြောင့် သူတို့၏ ဘဝတလျှောက်လုံး လူတို့၏ကျွန် ဖြစ်နေရ၏။ လူသည်ကား တိရစ္ဆာန်နှင့် ခြားနား၏။ ကွဲပြား၏။ တော်လှန်တတ်သော အတွေးအခေါ်ရှိ၏။ တော်လှန်ရဲသော အသိဉာဏ်ရှိ၏။ ထို့ကြောင့် လူသည် တိရစ္ဆာန်တို့၏ အရှင်သခင် ဖြစ်နေရ၏။
မိမိကိုယ်ကိုယ် တော်လှန်ရေး
လူသည် တော်လှန်ရေးလုပ်တဲ့အခါ မိမိကိုယ်ကိုယ် ပထမဦးဆုံး တော်လှန်ရ၏။ မိမိကိုယ်ကိုယ် တော်လှန်ရေးအောင်မြင်မှ ပြင်ပကို တော်လှန်ရေး ဆက်လုပ်နိုင်၏။ မိမိကိုယ်ကိုယ် တော်လှန်ရာတွင် မိမိရဲ့ အတွေးအခေါ်ကို စတင်တော်လှန်ရ၏။ မိမိက ဘာတွေကို မြတ်နိုးတန်ဖိုးထားသလဲ။ ဘာတွေကို စက်ဆုပ်ရွံ့ရှာ မုန်းတီးသလဲ။ မိမိကိုယ်ကိုယ် သိအောင် အရင်လုပ်ရ၏။ မိမိက ဘာကိုလိုချင်လို့ တော်လှန်တာလဲ။ ဘယ်လိုအပြောင်းအလဲကို လိုချင်လို့ တော်လှန်ရေးလုပ်တာလဲ။ စသဖြင့် မိမိရဲ့ စွမ်းရည်သတ္တိကိုလည်း သိအောင်လုပ်ရ၏။ သိပြီဆိုရင် သိတဲ့အတိုင်း အမှန်တကယ် လုပ်ရ၏။ အားစိုက်ထုတ် လုပ်ရ၏။ ဘယ်မှာလဲ အနစ်နာခံမှု၊ ဘယ်မှာလဲ ပေးဆပ်မှု၊ ကိုယ်လိုချင်တာ ကိုယ်လုပ်တာ၊ ကိုယ်ရချင်တာ ကိုယ်အားထုတ်တာ၊ ကိုယ်မျှော်လင့်ရာ ကိုယ်ဦးတည်ပြီး လျှောက်လှမ်းတာ၊ ကိုယ်လိုချင်သော အပြောင်းအလဲကို ကိုယ်ကိုယ်တိုင် ကြိုးစားအားထုတ်ပြီး အရယူတာဟာ ဂုဏ်လုပ်စရာ မဟုတ်သေးပါဘူး။
တော်လှန်ရေးလုပ်တာဟာ အတွေးအခေါ်ကို ပြောင်းရတာမျိုးပါ။ အကြောင်းအရာကို ပြောင်းရတာမျိုး မဟုတ်တန်ရာဘူး။ မိမိကိုယ်ကိုယ် တော်လှန်အောင်မြင်သူဟာ ပြင်ပကို တော်လှန်ရန် အတွေးအခေါ် အမြော်အမြင်ကို ရရှိပြီးဖြစ်ပါတယ်။ ဥပမာ အာကာသပေါ်မှာ ဆွဲငင်အားမရှိလို့ ဘောပင်နဲ့ရေးလို့ရဖို့ သန်းပေါင်းများစွာ အကုန်အကျခံပြီး တီထွင်ရတယ်။ စောဒကတက်သူက ဘောပင်နဲ့ ရေးလို့မရရင် ခဲတံနဲ့ရေးပေါ့။ ဘာမှထူးမကုန်ဘူးပေါ့။ အတွေးအခေါ် မပါရင်တော့ ဟုတ်သလိုလိုရှိတယ်။ ဒါပေမဲ့ အတွေးအခေါ် ပါလာတဲ့အခါ အဲဒီခဲတံက ထွက်လာမယ့် ခဲအမှုန်တွေက အာကာသယာဉ်ပေါ်က လူတွေရဲ့ မျက်လုံးတွေထဲကို ဝင်နိုင်တဲ့အတွက်ကြောင့် ဘောပင်ကိုပဲ ဒေါ်လာသန်းချီပြီး အကုန်ခံကာ ထုတ်လုပ်သုံးစွဲရတယ် ဆိုတာ သိရှိလက်ခံလာရတယ်။ မိမိကိုယ်ကိုယ် သိရှိတော်လှန်ရေး အတွေးအခေါ်ဟာ အသက်တမျှ အရေးပါတယ်။
အပြင်ပကို တော်လှန်ရေး
လူသည် မိမိကိုယ်ကိုယ် တော်လှန်ရေး အောင်မြင်တဲ့အခါ အပြင်ပကို တော်လှန်လို့ရပြီ။ မိမိကိုယ်ကိုယ် တော်လှန်ရေးလုပ်ပြီးသော လူသည် တကယ့်လူ ဖြစ်လာ၏။ တော်လှန်ရေး လုပ်ငန်းစဉ်တွင် ပါဝင်နေသောလူတွင် ခိုင်မာသော ယုံကြည်ချက်၊ ပြတ်သားသော ဦးတည်ချက် ရှိရန်လိုသည်။ အပြင်ပလောကကို တော်လှန်သူဟာ အပေါင်းနဲ့ အသင်းနဲ့ မဟာမိတ်နဲ့ ရှိဖို့လိုသည်။ နည်းမှန် လမ်းမှန် အတွေးမှန်၊ အသိမှန်၊ အလုပ်မှန်ဖို့ လိုသည်။ မိမိမနှစ်သက်တဲ့ အရာကို မိမိနှစ်သက်တဲ့အရာနဲ့ အစားထိုးဖို့ရန်လည်း အဆင်သင့်ရှိထားဖို့လိုသည်။ လူသည် အဖွဲ့အစည်းနဲ့ နေတယ်။ ခပ်မြင့်မြင့် တွေးခေါ်ပြောရရင် မြို့ပြတွေ၊ နိုင်ငံတွေ ထူထောင်ပြီး နေသည်။ ၎င်းရည်ရွယ်ချက်ကို ဂဏနဏသိဖို့ အင်မတန်အရေးကြီးသည်။ အားကြီးသော အဓမ္မ၊ မတရားမှုကို တွန်းလှန်တဲ့အခါ လူသည် ပျားကဲ့သို့လည်း ကျင့်ရာ၏။ ပုရွက်ဆိတ်တို့၏ ညီညွတ်မှုမျိုးဖြင့်လည်းကောင်း၊ အဖွဲ့အစည်းစိတ်ဓာတ်၊ ပူးပေါင်းဆောင်ရွက်တဲ့စိတ်ဓာတ်၊ ကိုယ့်တာဝန် ကိုယ်ကျေအောင် အလုပ်လုပ်ကြသည့် တာဝန်ယူမှု တာဝန်ခံမှု စိတ်ဓာတ်တို့ကို လည်းကောင်း လူဟာ အတုယူသင့်ပါတယ်။ ဖိနှိပ်သူအလိုကျ ငိုပြ၊ ညည်းညူပြတာတွေဟာ မရင့်ကျက်သေးတဲ့ တော်လှန်သူတို့ရဲ့ အမူအကျင့် စရိုက်တွေပဲ ဖြစ်ပါတယ်။ ရန်သူဟာ ရန်သူပီသလာတဲ့အခါ ရက်စက်မယ်၊ ယုတ်မာမယ်၊ ကောက်ကျစ်စဉ်းလဲလာမယ်၊ ကိုယ့်ရဲ့ အားနည်းချက်ကို တူးစွလာမယ်။ စိတ်ဓာတ်စစ်ဆင်ရေးနဲ့ ဖြိုခွဲလာမယ်။ ပြင်ပကို တော်လှန်ရေး လုပ်သူဟာ ကိုယ်တွင်း သက်လုံကောင်းဖို့ လိုပါတယ်။ အတွေးအခေါ်ကောင်းဖို့ လိုမယ်။ အသိသုတ စုံဖို့လိုမယ်။ အမြော်အမြင်ရှိဖို့ လိုမယ်။ ရန်သူရဲ့ စစ်အင်္ဂါစဉ်တွေ၊ ရန်သူရဲ့ အမူအကျင့်တွေ၊ စရိုက်လက္ခဏာတွေ အကုန်သိထားရမယ်။ ခပ်တိမ်တိမ် အတွေးအခေါ်နဲ့ အပြင်ပတော်လှန်ရေးလုပ်ရင်၊ လုပ်ကြရင် အားလုံး ကိုယ်ကျိုးနည်းကုန်မယ်။
ဒီနေရာမှာ နေရာတိုင်းမှာ တော်လှန်ရေးအသိုင်းအဝန်း တခုချင်းစီက ခေါင်းဆောင်တွေ အတွေးတိမ်လေလေ၊ အမြော်အမြင်နည်းလေလေ၊ တော်လှန်သူ မျိုးဆက်တွေရဲ့ အသက်တွေ စတေးရတာ များလေလေပါပဲ။ ပြင်ပတော်လှန်ရေးက အင်မတန်အရေးကြီးပါတယ်။ ဘာဖြစ်လို့ အရေးပါတာလဲ ဆိုတော့၊ အပိုမပါတဲ့ဘဝ၊ တနည်းအားဖြင့် အသက်နဲ့ ဆက်ထားရလို့ပါပဲ။ လူတယောက်ရဲ့ဘဝကို ပေါ့ပေါ့တန်တန် သဘောမထားသင့်ကြပါဘူး။ ဘဝဆိုတာ အသက်ပါ။ အစားထိုးမရပါဘူး။ အပြင်ပတော်လှန်ရေးကို ပေါ့ပေါ့ဆဆ မလုပ်သင့်ပါဘူး။ နက်နက်နဲနဲ တွေးခေါ် မြော်မြင်ပြီး လုပ်သင့်ပါတယ်။
လူသားနှင့် ဉာဏ်ပညာတိုက်ပွဲ
ယခု မျက်မှောက်ကမ္ဘာက လူသားများ ရင်ဆိုင်နေကြရတာသည် ဘာမျှမသေချာခြင်း ဆိုတဲ့ အရာပဲ ဖြစ်ပါတယ်။ ကမ္ဘာဟာ ရွာဖြစ်လာတယ်ဆိုတာ ကျနော် မငြင်းချင်တဲ့အဆို ဖြစ်တယ်။ ဖြစ်နိုင်ရင် ကျနော်တို့ မြန်မာနိုင်ငံကို ဖျောက်ပစ်လိုက်ပြီး အမေရိကန်နိုင်ငံရဲ့ ပြည်နယ်တခုအဖြစ် အသိအမှတ်ပြုလိုက်ရင် ဘယ်လိုဖြစ်မလဲ ကျနော်စဉ်းစားကြည့်မိတယ်။ အမေရိကန်ပြည်ထောင်စု မြန်မာပြည်နယ်ပေါ့။ အမျိုးဂုဏ်၊ ဇာတိဂုဏ်၊ လူမျိုး ဘာသာ စတာတွေက အရေးကြီးတာလား၊ လူသားတယောက်ရဲ့ ဖြစ်တည်မှုက အရေးကြီးတာလား။
အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာပြည်နယ် ဖြစ်သွားရင် ယခု ဗိုလ်ကျစိုးမိုးနေတဲ့ စစ်အာဏာရှင်တွေ ဘယ်လိုဖြစ်သွားကြမလဲ။ အမေရိကန်ရဲ့ စစ်အင်အားနဲ့ နည်းပညာကို သူတို့ ယှဉ်နိုင်ကြပါ့မလား။ ဒီလိုမှ မဖြစ်နိုင်ရင် ဘယ်လိုဖြစ်နိုင်ပါသလဲ။ လက်ရှိ လူငယ်မျိုးဆက်သစ်တွေ အသက်တွေ သေနေကြရတာကို အမြန်ဆုံး တားနိုင်တဲ့ နည်းစနစ်တွေ ဘာတွေရှိမလဲ။ ကျနော့်ရဲ့ အတွေးအခေါ်ကို ကြောင်တောင်တောင် အတွေးအခေါ်လို့ ခင်ဗျားတို့ ထင်ကြလိမ့်မယ် ထင်တယ်။
ယခု မြန်မာနိုင်ငံအထဲမှာ ရှိနေကြတဲ့လူတွေဟာ မသေချာခြင်းတွေ များစွာနဲ့ ရှင်သန်နေကြရတယ်။ အင်မတန်ဆိုးရွားလှတဲ့ အခြေအနေပါပဲ။ ချို့တဲ့သော ဉာဏ်ပညာဟာ လူသားတွေကို မကယ်တင်နိုင် ဖြစ်ရပါတယ်။ ချစ်ခြင်းမေတ္တာ တရားတွေပါ ခေါင်းပါးလာကြတဲ့အခါ လူ့အဖွဲ့အစည်းနဲ့ နိုင်ငံတော် ထူထောင်နေထိုင်ရခြင်းဆိုတဲ့ ရည်ရွယ်ချက်ပါ ပျောက်ပျက်လာပါတယ်။
ဉာဏ်ပညာဟာ ဓမ္မနဲ့ အဓမ္မကြားမှာ မှိန်ဖျော့လာတယ်။ ချစ်ခြင်းမေတ္တာဟာ ခက်ထန်မာကျောလာတယ်။ လူကို တိရစ္ဆာန်အဆင့်ထိ တွန်းပို့လာတယ်။ ကြီးနိုင်ငယ်ညှဉ်း နိုင်ရာစား၊ အားကြီးသူက အားနည်းသူကို အနိုင်ကျင့် တောရိုင်းဥပဒေ ခေါင်းထောင်လာတယ်။ အသိဉာဏ်ပညာဟာ တဖြည်းဖြည်းကျုံ့လာပြီး လေးထောင့်ဆန်လာတယ်။ လူသားဟာ ပုံစံခွက်ထဲက ရုန်းမထွက်နိုင်တော့ဘူး။
လူသည် တော်လှန်မျိုးဆက်ကို အသိဉာဏ်ပညာနဲ့ ကမ်းလက်မလုပ်နိုင်ရင် ရေတိမ်မှာ နစ်နိုင်တယ်။ အာဏာရှင်တွေ ခေါင်းထောင်လာတဲ့ခေတ်မှာ အသိဉာဏ်ပညာကိုပါ တော်လှန်ရေးလုပ်ရမယ့် အချိန်ကို ရောက်လို့ ရောက်မှန်းမသိ ရောက်လာခဲ့ပြီဖြစ်တယ်။ အတွေးအခေါ် အဟောင်းတွေ၊ အယူအဆဟောင်းတွေ၊ ယခင်က မှန်တယ်လို့ ယူဆချက်တွေကို အခု ဆက်လက်ပြီး လက်ခံထားဖို့ တကယ်ရော လိုအပ်ရဲ့လား။ အမှန်တကယ်ရော အတွေးသစ် အမြင်သစ် ဉာဏ်အသစ်နဲ့ တကယ်ရော တော်လှန်ရဲရဲ့လား၊ နောက်ဆုံး ကုန်ကုန်ပြောရရင် ကိုယ့်အသိဉာဏ်ပညာကိုပါ တော်လှန်ပြောင်းလဲပြီး ဉာဏ်သစ်လောင်းထည့်ရဲရဲ့လား...
လူသည် တော်လှန်ရေးသတ္တဝါ ဆိုတာ ခင်ဗျား လက်ခံရဲရဲ့လား။
ချစ်မင်းနွဲ့ကြည်