မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ ကြက်တူရွေးကျေးရွာအနောက်ဘက် ကျွန်းပေါ်က ပြည်သူ ၁၅ ယောက်လောက်ကို စစ်ကောင်စီစစ်ကြောင်းက မေ ၂၄ ရက်မှာ ဖမ်းဆီးသွားပြီး တမာကုန်းရွာကို မီးရှို့ခဲ့တယ်လို့ Bo Tiger ဗိုလ်ကျားကြီးအဖွဲ့ကနေ သိရပါတယ်။
မတ္တရာဘက်က ဆင်းလာတဲ့ စစ်ကောင်စီစစ်ကြောင်းက ကျွန်းပေါ်ဒေသက ပြည်သူတွေကို ဖမ်းဆီးပြီး နှိပ်စက်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဗိုလ်ကျားကြီးက ပြောပါတယ်။
မတ္တရာရက်ကန်းစင်တောင်က စစ်ကောင်စီစစ်ကြောင်းနဲ့ ထုံးကြီးဘက်က ဆင်းလာတဲ့ စစ်ကြောင်းနှစ်ခုပေါင်းပြီး တမာကုန်းရွာကို မီးရှို့ခဲ့တာလို့ ဆိုပါတယ်။
“သူတို့စစ်ကြောင်းက ပြည်သူတွေကိုဖမ်းပြီး နှိပ်စက်တယ်၊ ရွာကိုဝင်မီးရှို့တယ်၊ သူတို့ တမာကုန်းက ထွက်လာတဲ့အချိန် တို့ဘက်က လက်နက်ကြီးနဲ့ပစ်တော့ သူတို့စစ်သား ၃ ယောက် သေတယ်။ သူတို့စစ်ကြောင်းနားကို တို့လက်နက်ကြီးထိတော့ ဖမ်းခံထားရတဲ့ထဲက လေးယောက်က ပြေးလာတော့ လွတ်လာတယ်။ ကျန်တာတွေတော့ ဆက်ဖမ်းခံထားရတယ်” လို့ ဗိုလ်ကျားကြီးက ပြောပါတယ်။
ကျွန်းပေါ်ဒေသက ပြည်သူတွေကို ဖမ်းလာတဲ့ စစ်ကြောင်းကို ဗိုလ်ကျားကြီးအဖွဲ့က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာမှာ စစ်သား ၃ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
စစ်သားအင်အား ၁၅၀ ဝန်းကျင်ပါ စစ်ကြောင်းဟာ တမာကုန်းရွာက နေအိမ်အားလုံးနီးပါးကို မီးရှို့ခဲ့ပြီး ရွာသားတွေက စစ်တပ်စစ်ကြောင်းထိုးချိန်ကတည်းက ရှောင်နေတာကြောင့် ထိခိုက်သူမရှိဘူးလို့ ပြောပါတယ်။
တမာကုန်းရွာက ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ဗိုလ်ကျားကြီးအဖွဲ့ ပူးပေါင်းတပ်ဖွဲ့တွေ မေ ၂၄ ရက်က ထိတွေ့တိုက်ပွဲ နာရီဝက်ကြာဖြစ်ပွားခဲ့ပြီး စစ်သားတွေ ထိခိုက်သေဆုံးမှု ရှိတယ်လို့ ဗိုလ်ကျားကြီးက ပြောပါတယ်။
“ပြည်သူတွေကိုဖမ်းလာတဲ့ စစ်ကြောင်းပဲ၊ ဒါပေမဲ့ ရှေ့ကင်းထွက်လာတဲ့ စစ်သားတွေနဲ့ ဖြစ်တာဆိုတော့ ပြည်သူတွေ ထိခိုက်တာမရှိဘူး။ လက်နက်ငယ်နဲ့ပဲ ထိတွေ့တိုက်ပွဲဖြစ်တာ၊ သူတို့ဘက်က ထိခိုက်သေဆုံးမှုရှိတယ်။”
စဥ့်ကူးမြို့နယ် သဲအင်းရွာကို စစ်ကောင်စီစစ်ကြောင်းက လက်နက်ကြီး အလုံး ၂၀ နီးပါး ပစ်ခတ်မှုကြောင့် သဲအင်းရွာဆေးရုံ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။