မကွေးတိုင်း၊ ရေစကြိုမြို့မှာ မေလ ၂၄ ရက် မနက်ပိုင်းက မြင်းခြံကျားနက်တပ်ဖွဲ့ (MBT) ရဲဘော်တယောက် ပစ်ခတ်ဖမ်းဆီးခံခဲ့ရလို့ သွားရောက်ကယ်ထုတ်ရာကနေ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၁၀ ယောက်လောက် သေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ MBT ကနေ သိရပါတယ်။
ရေစကြိုမြို့ MBT အမှတ် (၂) စခန်းက ရဲဘော် နှစ်ယောက်ဟာ ထောင်ထားတဲ့ မိုင်းတွေ သွားပြီးစစ်ဆေးတဲ့အချိန်မှာ စစ်ကောင်စီစစ်ကြောင်းနဲ့တိုးပြီး ပစ်ခတ်ဖမ်းဆီးခံရကာ ရဲဘော်တိုးနိုင်ရဲ့ ပေါင်ကို ကျည်ဆန်ထိမှန်ပြီး ဖမ်းဆီးခံရသလို နောက်ရဲဘော်တယောက်ကတော့ ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ MBT ရဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။
“ဒဏ်ရာရရှိထားတဲ့ ရဲဘော်ကို ထင်းတန်းရပ်ကွက်က လမ်းပေါ်မှာ ပက်လက်လှန်ထားပြီး အင်အား ၃၀ လောက်နဲ့ ကင်းပုန်းဝပ်ကာ ထောင်ချောက်ဆင်ပြီး ကျနော်တို့ကို ဖမ်းဖို့လုပ်တယ်။ ကျနော်တို့ဘက်ကလည်း အင်အားအလုံးအရင်းနဲ့ ကယ်ဖို့သွားတဲ့အချိန်မှာ ဒလန် သတင်းပေးလိုက်လို့ ကျနော်တို့ရဲဘော်ကို ကားပေါ်တင်ပြီး ပြန်ဆုတ်သွားတယ်။”
ဖမ်းဆီးခံရတဲ့ ရဲဘော်ကို ကယ်လို့ မရခဲ့ဘဲ မနက် ၁၀ နာရီလောက်မှာ တကြိမ်ထိတွေ့မှုဖြစ်ပွားခဲ့ပြီး ညနေ ၃ နာရီကျော်လောက်မှာတော့ အင်အားအလုံးရင်နဲ့ တိုက်ခိုက်ခဲ့လို့ အပြင်းအထန်တိုက်ပွဲ ဖြစ်ပွားကာ စစ်ကောင်စီဘက်က ၁၀ ယောက်သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
“ရေစကြို ဆေးရုံမှာ ကျနော်တို့ရဲဘော်ကို ဒီကောင်တွေ ဆေးကုပေးနေတယ်လို့ ကြားတော့ ပထမ မတိုက်သေးဘူး။ ဆေးရုံမှာ အင်အား ၁၀ ယောက်လောက်သာရှိပြီး ကျနော်တို့ မြို့ထဲကို ရောက်နေပြီဆိုတာ သိတော့ အင်အား ၁၀၀ လောက်ဖြစ်သွားတယ်။ ဆေးရုံကို မရ ရအောင်တိုက်ပြီး ကယ်ဖို့လုပ်တဲ့အချိန်မှာ သတင်းရသွားပြီး အင်အား ၂၀၀ လောက် တပ်စွဲထားတဲ့ ရုံးပေါင်းစုံကို ခေါ်သွားကြတယ်”လို့ ဗိုလ်မိုက်ခဲက ပြောပါတယ်။
ဖမ်းဆီးခံရတဲ့ ရဲဘော်ကတော့ ဓားနဲ့ အထိုးခံထားရပြီး ဆားတွေနဲ့ပက်ကာ ညှဥ်းပန်းနှိပ်စက်ခံနေရကာ သူတို့ သိချင်တာတွေကို စစ်ဆေးမေးမြန်းနေတယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေအနေကို သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။